၂၀၁၇ ခုနှစ်အတွင်း ဈေးအကြီးဆုံးဖြစ်ခဲ့တဲ့ အစားအစာများအကြောင်းကို ဝေမျှချင်ပါတယ်။

Almas Caviar (ကန်ဒေါ်လာ ၂ သောင်းခွဲ)

ရွှေငါးဥလို့ တင်စားလေ့ရှိတဲ့ Almas Caviar ငါးဥက အီရန်နိုင်ငံကနေ အဓိက ထုတ်လုပ်တာပါ။ သက်တမ်းအားဖြင့် ၅၀ ကနေ ၁၀၀ လောက်ရှည်တဲ့ Abino Sturgeon ငါးရဲ့ ဥတွေဖြစ်ပါတယ်။

Almas Caviar ငါးဥကို အမေရိကန်ဒေါ်လာ ၂ သောင်းခွဲနဲ့ရောင်းချပြီး ငါးဥထည့်ထားတဲ့ Can က ရွှေအစစ်နဲ့ လုပ်ထားတာကြောင့် Can အပါအဝင်ဆိုရင် ဒေါ်လာ ၃ သောင်းခွဲနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

Italian White Alba Truffle (ကန်ဒေါ်လာ ၇၆၈၀)

Italian White Alba Truffle က စားလို့ရတဲ့ မှိုတစ်မျိုးဖြစ်ပြီး စိုက်ဖို့ ခက်ခဲတဲ့ မှိုအမျိုးအစားဖြစ်တာကြောင့် အရမ်းကို ဈေးကြီးပါတယ်။

အီတလီမှာရှိတဲ့ လူချမ်းသာတွေအတွက် ဂုဏ်အနေနဲ့ စားတဲ့ အစားအစာမျိုးပါ။ Italian White Alba Truffle မှိုကနေ ထောပတ်တို့ တခြား ဟင်းခတ်အမွှေးအကြိုင်တွေလည်း ပြန်လုပ်ကြပါတယ်။ အလေးချိန်အပေါ် ဈေးကွာခြားမှုရှိပြီး အကြီးဆုံး မှိုကို အမေရိကန်ဒေါ်လာ ၁သိန်း၆ သောင်းကျော်နဲ့ ရောင်းချခဲ့ဖူးပါတယ်။

Yubari King Melons (ကန်ဒေါ်လာ ၁သောင်း ၂ ထောင်)

ဒီ Melons အမျိုးအစားက ဂျပန်နိုင်ငံရဲ့ Green Houses တွေမှာဘဲ စိုက်ပျိုးနိုင်တာကြောင့် အရမ်းဈေးကြီးပါတယ်။ ဂျပန်သူဌေးသူကြွယ်တွေက လက်ဆောင်အဖြစ် Yubari King Melons ကို အချင်းချင်းပေးကြပါတယ်။

တခါတလေ အမေရိကန်ဒေါ်လာ ၂ သောင်းကျော်လောက်အထိ ပေါက်ဈေးရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် တိုက်ခန်းတစ်ခန်းစာဖြစ်နေပြီနော်။

အမည်းရောင် ဖရဲသီး (ကန်ဒေါ်လာ ၆ ထောင်)

Densuke Black Melon လို့ခေါ်တဲ့ အမည်းရောင် ဖရဲသီးက ဂျပန်နိုင်ငံမှာဘဲ စိုက်ပျိုးလို့ရတဲ့ ရှားပါး ဖရဲသီးဖြစ်ပါတယ်။

Hokkaido ကျွန်းမှာ စိုက်ပျိုးလေ့ရှိပြီး သာမန် ဖရဲသီးထက်အများကြီး ချိုပါတယ်။