လက်ဖက်ခြောက်အိတ်လေးကို ရေနွေးပူထဲစိမ်ထားပြီး စိမ်ပြေနပြေနဲ့ တစ်ငုံချင်းကို ဖြည်းဖြည်းချင်းစီသောက်ရတာကလည်း စည်းစိမ်တစ်မျိုးပါပဲ။ ဒါ့အပြင် လက်ဖက်ခြောက်သောက်သုံးခြင်းကြောင့် စိတ်ကို တည်ငြိမ်အေးခြမ်းစေပါတယ်။

ဘယ်လောက်ပဲ စိတ်ကို တည်ငြိမ်စေတယ်ဆိုပေမယ့်လည်း အသုံးပြုပြီးသွားတဲ့ လက်ဖက်ခြောက်အိတ်ကတော့ အမှိုက်ဖြစ်သွားတာပါပဲ။ ဒါပေမဲ့ ထိုအမှိုက်ကို အကျိုးရှိရှိအသုံးချမယ်ဆိုရင်တော့ ကမ္ဘာမြေကြီးကို ပိုမိုစိမ်းလန်းစိုပြေလာအောင် ကူညီပေးနိုင်ပါတယ်။

အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်တွေကို ဘယ်လိုပြန်လည်အသုံးပြုပြီး ကမ္ဘာမြေကြီးကို တစ်ဖက်တစ်လှမ်းကနေ ဘယ်လိုကူညီနိုင်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

မြေသြဇာအဖြစ် အသုံပြုနိုင်ခြင်း

ပန်းအိုးရဲ့ရေစိမ့်ထွက်သော အပေါက်တည့်တည့်တွင် လက်ဖက်ခြောက်အိတ်လေး ထည့်ထားကာ မြေကြီးနဲ့ မိမိစိတ်ပျိုးချင်သော အပင်ထည့်ကာ စိုက်ပျိုးပေးနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်က မြေဆီလွှာရဲ့အစိုဓာတ်ကို ထိန်းပေးထားပြီး အပင်သန်စေမှာပဲဖြစ်ပါတယ်။

အိုးခွက်ပန်းကန်များကို တိုက်ချွတ်ဆေးကြောနိုင်ခြင်း

အိုးခွက်ပန်းကန်တွေကို ဘယ်လောက်ဆေးဆေး ဆီတွေမစင်ဘဲ ကျိချွဲနေတယ်ဆိုရင် ပန်းကန်ဆေးဘေစင်ထဲမှာ ရေနွေးဖြည့်ထားလိုက်ပါ။ အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ထည့်ပါ။ တစ်ညခန့် စိမ်ပေးလိုက်ပါက မနက်ကျရင် အလွယ်လေး ဆေးကြောပေးလို့ရသွားပါပြီ။

အိုးခွက်ပန်းကန်တွေက ပမာဏနည်းတယ်ဆိုရင်တော့ ရေနွေးပူ တစ်ခွက် (သို့) နှစ်ခွက်နဲ့ လက်ဖက်ခြောက်အိတ်အနည်းငယ်ပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ အိုးခွက်ပန်းကန်တွေက အများကြီးပဲဆိုရင်တော့ လက်ဖက်ခြောက်အိတ် တစ်ဒါဇင်ခန့် လိုအပ်ပါလိမ့်မယ်။

ကြည့်မှန်၊ ပြတင်းပေါက်နှင့် တံခါးပေါက်မှန်များကို တောက်ပြောင်သွားစေခြင်း

Source: Timesofindia.indiatimes.com

အသုံးပြုပြီးသား ရေစိုနေသော လက်ဖက်ခြောက်အိတ်ကို မှန်ပေါ်တွင် ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် အဝတ်စဖြင့် ထပ်သုတ်ပေးလိုက်မယ်ဆိုရင် မှန်ပေါ်မှာပေကျံနေတဲ့ လက်ဗွေရာများ၊ ဖုန်မှုန့်များကို ဖယ်ရှားပေးပါလိမ့်မယ်။

သစ်သားပရိဘောဂများအတွက် အသုံးတည့်ခြင်း

သစ်သားပရိဘောဂများ၊ ကြမ်းခင်းများကို လက်ဖက်ခြောက်အိတ်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် အဝတ်စဖြင့် ထပ်မံပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ သစ်သားပရိဘောဂများက ဝယ်ခါစကလိုမျိုး အသစ်အတိုင်း တောက်ပြောင်နေပါလိမ့်မယ်။ တစ်ခုသတိထားရမှာကတော့ လက်ဖက်ခြောက်အိတ်က ရေတွေ စိုရွဲနေတာမျိုးမဟုတ်ဘဲ စိုစွတ်ရုံသာ ရှိရပါမယ်။ ရေတွေ အများကြီးစိုရွှဲနေပါက သစ်သားပရိဘောဂများကို ပျက်စီးသွားစေနိုင်လို့ပါပဲ။

Source: Bobvila.com