အားလုံးပဲမင်္ဂလာပါ။ချိုမြိန်ပြီးအရသာရှိတဲ့ အစားအသောက်တွေအတွက်မပါမဖြစ်တဲ့ ပါဝင်ပစ္စည်းတစ်ခုကနို့ဆီပဲဖြစ်ပါတယ်။နို့ဆီကိုနေရာတိုင်းမှာ အလွယ်တကူဝယ်ယူလို့ရပေမယ့် တာရှည်ခံပစ္စည်းမပါပဲ ကျန်းမာရေးနဲ့အညီ အိမ်မှာကိုယ်တိုင်ပြုလုပ်ချင်တဲ့သူတွေအတွက် လွယ်ကူအရိုးရှင်းတဲ့ နို့ဆီပြုလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၅၀၀ မီလီလီတာ
  • သကြားအဖြူ ၁၅၀ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးနွားနို့ကျိုရန် သန့်ရှင်းတဲ့ဒယ်အိုးတစ်ခုယူပါ။ထို့နောက်မီးခပ်အေးအေးဖြင့် နွားနို့ ၅၀၀ မီလီလီတာ ကိုကျိုပေးရပါမယ်။

(၂) နွားနို့ဆူလာပြီဆိုရင်တော့ သကြားအဖြူ ၁၅၀ ကိုရောထည့်ပြီးကျိုပေးပါ။သကြားများအားလုံးပျော်ဝင်သွားသည်အထိ ဖြေးဖြေးချင်းမွှေ၍ ကျိုပေးရပါမယ်။သကြားအားလုံးပျော် သွားပြီဆိုပါကနောက်ထပ် မိနစ်၃၀ ခန့်ဆက်ကျိုပေးရပါမယ်။

 

(၃) ထို့နောက် ဒယ်အိုးအပေါ်ကိုတက်လာတဲ့ အမြုပ်တွေကို ဇွန်းနဲ့အသာလေးခပ်ထုတ်ပြီး ဖယ်ပေးရပါမယ်။အမြုပ်တွေဖယ်ထုတ်နေချိန်မှာ နွားနို့ကိုမမွှေဖို့တော့သတိပြုရပါမယ်။ နွားနို့ ရဲ့အရောင်က ခရမ်င်အရောင်ပြောင်းပြီး ခပ်ပျစ်ပျစ်ဖြစ်လာပြီဆိုရင်တော့ တူးမသွားအောင် ခပ်သွက်သွက်လေးမွှေပေးရပါမယ်။

(၄) နောက်ဆုံးအဆင့်အနေနဲ့ နွားနို့က လုံးဝပျစ်ပျစ်လေးဖြစ် လာပြီ နို့ဆီအဖြစ်ပြောင်းသွားဆိုရင်တော့ မီးပိတ်ပြီး ပန်းကန်ထဲသို့ ပြောင်းထည့်ကာ အအေးခံပေးပါ။ထို့နောက်ရေခဲသေတ္တာထဲတွင် အအေးခံပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အိမ်ချက်နို့ဆီလေးကို မိမိနှစ်သစ်ရာ အချိုပွဲ ကော်ဖီများနှင့် တွဲဖက်သုံး ဆောင်လို့ရပါပြီ။

Source : biggerboderbaking