မီးဖိုချောင်ဆိုတာ အိမ်တိုင်းရဲ့နှလုံးသားတစ်ခုပါ။  အပြင်သွားတိုင်း  မီးဖိုချောင်အတွက် ပစ္စည်းတွေတွေ့ရင် ဒါလေးကတော့လိုတယ် ဟိုဟာလေးကတော့ အသုံးဝင်တယ်ဆိုပြီး ဝယ်လာတဲ့ပစ္စည်းတွေနဲ့ပြည့်နေပြီလား ? မီးဖိုချောင်ကို စနစ်တကျ ထိန်းသိမ်းဖို့ဆိုတာက အပြောလွယ်ပေမယ့် တကယ်တော့ ခက်ခဲပါတယ်နော်။

ရုတ်တရက်ကြည့်လိုက်ရင် မီးဖိုချောင်ထဲက ပစ္စည်းတွေက အကုန်အသုံးဝင်နေသလိုဖြစ်နေတတ်လို့ ဘယ်အရာတွေကို လွှင့်ပစ်ဖို့လိုနေမလဲဆိုတာ စဥ်းစားရခက်နေနိုင်တာမလို့ မီးဖိုချောင်မှာ အခုချက်ချင်း ဖယ်ရှားပစ်ဖို့လိုနေတဲ့ အရာတွေကို  အောက်မှာ ဖော်ပြထားပါတယ်နော်။

လိုတာထက်ပိုနေတဲ့ ဟင်းချက်ပကိရိယာများ

အသုံးဝင်တယ်ဆိုပြီး ဝယ်လာပေမယ့် အိမ်မှာဟင်းချက်တဲ့အခါ မသုံးဖြစ်ဘဲ  ပိုနေတဲ့ပစ္စည်းတွေကို စီစစ်ပြီး မလိုတာတွေကို လွှင့်ပစ်လိုက်ပါ။

ဆားနဲ့ ငရုတ်ကောင်းထုပ်များ

သုံးဖြစ်လောက်မယ်ထင်ပြီး အချိန်အကြာကြီးသိမ်းထားတဲ့ မုန့်မှာစားတိုင်းမှာပါလာတဲ့  တစ်ခါသုံး တူတွေ ဇွန်းတွေ ဓားတွေ ဆားထုပ်တွေ ငရုတ်ကောင်းထုတ်တွေကို သိမ်းထားတာရှိရင် လွှင့်ပစ်လိုက်ပါ။

တစ်ခါသုံးဘူးများ

အပြင်ကမှာစားတိုင်း ထည့်ပေးလိုက်တဲ့တစ်ခါသုံးဘူးတွေကို မလွှင့်ပစ်ဘဲ သိမ်းထားရင်းနဲ့များနေတတ်ပါတယ်။ ဒီဘူးတွေက အရမ်းများနေပြီဆိုရင် လွှင့်ပစ်သင့်ပါတယ်။

ကျိုးပဲ့နေတဲ့ ခွက်များနဲ့ ပန်းကန်ခွက်ယောက်များ

သုံးတာကြာလာရင် ပန်းကန်ခွက်တွေက ထိခိုက်ပြီး ပွန်းပဲ့တာမျိုး အက်ကြောင်းထနေတာမျိုးတွေ အိုးကလက်ကိုင်ပဲ့နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်နေတဲ့ပစ္စည်းတွေက တကယ်တော့ မသုံးသင့်တော့ပါဘူး။

Note တွေ

ရေခဲသေတ္တာမှာ ကပ်ထားတဲ့ Note တွေ၊ ကြော်ငြာတွေ ၊ Postcard တွေကလည်း မီးဖိုချောင်ကို ရှုပ်စေတတ်တာကြောင့် အသုံးမလိုတော့ဘူးဆိုရင် လွှင့်ပစ်တာဘဲဖြစ်ဖြစ် အံဆွဲထဲမှာ စုသိမ်းထားတာဖြစ်ဖြစ် ထားလိုက်ပါ။

သက်တမ်းလွန်အစားအစာများ

ရေခဲသေတ္တာကို သေချာစစ်ဆေးပြီး မှိုတက်နေတဲ့ စတော်ဘယ်ရီသီးတွေ သက်တမ်းကုန်ဆုံးရက်လွန်သွားတဲ့ အရာအားလုံးကို စွန့်ပစ်လိုက်ပါ။