အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာထည့်သိမ်းထားရင် ကြာရှည်ခံမယ်၊ အပြင်မှာထားရင် မကောင်းဘူး၊ သိုးကုန်မယ်ဆိုပြီး ထည့်သိမ်းထား တာမျိုး ရှိကြမှာပေါ့။ အသား၊ ငါးနဲ့ တချို့အစားအသောက်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာ မှန်ပေမယ့် တချို့အစားအသောက်တွေကျတော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီးမသိမ်းထားသင့်ပါဘူး။ ဒါကတော့ အိမ်ရှင်မတွေအတွက် အသုံးဝင်မယ့် ဗဟုသုတလေးဖြစ်မှာပါ။

အသီးအရွက်တချို့

မုန်လာဥနီကို ရေခဲသေတ္တာထဲမှာထည့်ထားရင် ပုပ်သွားတတ်လို့ မီးဖိုချောင်ထဲမှာပဲ အသီးအရွက်ထည့်တဲ့ခြင်းထဲဖြစ်ဖြစ် ထည့်ထားပါ။

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲထည့်ထားရင် သူ့မှာပါတဲ့ ရေဓာတ်နဲ့ အရသာကို ဆုံးရှုံးစေပါတယ်။

ခရမ်းသီးကို ရေခဲသေတ္တာထဲထည့်ထားပြီး အရမ်းအေးသွားရင် သူ့မှာပါတဲ့ဓာတ်တွေ ဆုံးရှုံးစေသလို၊ အရမ်းပူတဲ့နေရာမှာထားရင်လည်း ခြောက်သွားတတ်ပါတယ်။ ဒါကြောင့် နေရောင်မထိတဲ့ မီးဖိုချောင်မှာပဲ ထားပါ။

သခွားသီးကိုလည်း ရေခဲသေတ္တာထဲထည့်ထားရင် နွမ်းသွားတာမျိုး၊ ပုပ်သွားတာမျိုး ဖြစ်တတ်လို့ နေရောင်မထိတဲ့ မှောင်တဲ့နေရာမှာပဲ သိမ်းထားပါ။

အသီးအနှံတချို့

ငှက်ပျောသီးကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားရင် မဲသွားလို့ အပြင်မှာပဲထားရပါတယ်။

မက်မွန်သီး၊ ကီဝီသီး၊ သရက်သီး၊ သလဲသီးနဲ့ တည်သီးတွေက မာတဲ့အသီးတွေဖြစ်တာကြောင့် ရေခဲသေတ္တာထဲထည့်သိမ်းထားရင် မမှည့်တော့ပါဘူး။ ဒါကြောင့် အပြင်မှာပဲထားရပါတယ်။

လိမ္မော်သီး၊ ရှောက်သီးနဲ့ သံပုရာသီးတွေက အပူချိန် ၃၂ ဒီဂရီ ဖာရင်ဟိုက်မှာ ထားသင့်တဲ့အသီးတွေပါ။ ဒီအသီးတွေကို ရေခဲသေတ္တာထဲမှာထည့်ထားရင် မှည့်တာနောက်ကျပြီး အစိမ်းအတိုင်းပဲ ရှိနေမှာပါ။

ပျားရည်နဲ့ Peanut Butter ကိုလည်း ရေခဲသေတ္တာထဲထည့်မသိမ်းပဲ ပုလင်းနဲ့ပဲ သေချာဖုံးပြီး အပြင်မှာပဲထားပါ။ နေရောင်မထိရင်ရပါတယ်။ ရေခဲသေတ္တာထဲထည့်ထားရင် ခဲသွားတာမြန်လို့ စားရတာလည်း အဆင်မပြေပါဘူး။

အချဉ်ဆော့စ် (Sauces) အမျိုးမျိုးကိုလည်း ရေခဲသေတ္တာထဲထည့်မသိမ်းပဲ အပြင်မှာပဲသိမ်းရပါတယ်။

ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ဥပမာ – ပေါင်မုန့်ကို ရေခဲသေတ္တာထဲထည့်မသိမ်းပဲ အပြင်မှာပဲထားပါ။ ရေခဲသေတ္တာထဲထည့်သိမ်းထားရင် သူ့အရသာပျက်ပြီး ဂျုံသားလည်း မာသွားလို့ပါ။

ကြက်ဥ၊ ဘဲဥတွေကိုလည်း ရေခဲသေတ္တာထဲထည့်မသိမ်းပဲ အပြင်မှာပဲထားရပါတယ်။ နေရောင်တိုက်ရိုက်မထိတဲ့နေရာဆိုရင် ရပါတယ်။

Photo Source: www.brightsideme.com