ဒီနေ့ ဆရာမတစ်ယောက်က လောက်သေရွက်ကို ရေနွေးကြမ်းလိုမျိုးကျိုသောက်တာ ချောင်းဆိုး တကယ်သက်သာသွားတယ်ဆိုလို့ စာဖတ်သူတို့ကို ပြန်ပြီးမျှဝေချင်တာနဲ့ ဆရာမတွေဆီကလည်း နည်းနည်း စပ်စုကြည့်ရင်းအွန်လိုင်းစာမျက်နှာပေါ်ကနေလည်းစာတွေပြန်ရှာဖတ်ကာ အသုံးဝင်မယ်လို့ ထင်တဲ့ ဆေးနည်းတချို့ကို ပြန်ပြီး မျှဝေလိုက်ပါတယ်။

20664487_102164977171253_3360927300569168230_n

လောက်သေရွက်ကို စာဖတ်သူတို့အားလုံးသိကြမယ်ထင်ပါတယ်နော်။ စိုစွတ်တဲ့ဒေသတွေမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ လောက်သေရွက်က အရွက်ကော အမြစ်ပါ ဆေးဖက်ဝင်ပါတယ်။ ငပိလုပ်ငန်းတွေမှာလည်း အသုံးပြုကြပါတယ်။

မြန်မာဆေးကျမ်းများအဆိုအရ လောက်သေပင်ဟာ လေ နဲ့ သလိပ်၊ သည်းခြေကို နိုင်တယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်ပြီး ဖျားနာတာကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။

ဆေးဖက်ဝင်အဖြစ် အသုံးပြုပုံ

Tadehagi_triquetrum_(5070761323)

လောက်သေရွက်ကို ရေနွေးကြမ်းလိုမျိုး ကျိုပြီးသောက်ပေးရင် ချောင်းဆိုး သက်သာပျောက်ကင်းစေသလို သလိပ်အတွက်လည်းကောင်းမွန်ပါတယ်။ ချောင်းဆိုးတာနဲ့ သလိပ်သာမက နှာစေး တာကိုလည်း သက်သာစေပါတယ်။

လက်ဖက်ခြောက်လိုမျိုး အခြောက်ထားပြီး ကျို သောက်သုံးမယ်ဆိုရင်လည်း ရပါတယ်။ ဆီးပူ၊ ဆီးအောင့်နဲ့ ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်။

လောက်သေရွက် မနုမရင့်ကို ပြုတ်ပြီး သုပ်စားတာ၊ တို့စားတာမျိုးလုပ်မယ်ဆိုရင် ဝမ်းကိုက်တာ၊ ဝမ်းဖော ဝမ်းရောင်တာနဲ့ ကလေးတွေ သန်ဝမ်းကိုက်တာ ရင်ပြည့်ရင်ကယ်ဖြစ်တာကို သက်သာစေပါတယ်။

အဆုတ်သန့်စင်စေဖို့

Tadehagi~triquetrum

ဆေးလိပ်သောက်သုံးသူတွေအတွက်လည်း ဆေးတစ်ခွက်အဖြစ်အသုံးပြုနိုင်ပါတယ်။ အဆုတ်ကို သန့်စင်ပေးပါတယ်။

လောက်သေရွက်ကို ၅ ကျပ်သားလောက်နဲ့ ရေမောက်ခွက် ၃ ခွက်လောက်နဲ့ ပြုတ်ကာ ကျိုလိုက်ပါ။ ရေ ၃ ခွက်ကို ၁ ခွက်စာကျန်အောင်ကျိုပါ။ ပြီးရင် အအေးခံပြီး တစ်နေ့တည်းကုန်အောင်သောက်ပေးပါ။

ပုံမှန်သောက်ပေးမယ်ဆိုရင် အဆုတ်ကို သန့်စင်ပေးနိုင်ပါတယ်။ အနည်းဆုံး ၁၀ ရက်တိတိ ပြုတ်သောက်သင့်ပါတယ်။

တခြားဆေးဖက်ဝင်နည်းတွေလည်း အများကြီးရှိပါသေးတယ်။ အချိန်ရကာမှ ပြန်ပြီး မျှဝေပါဦးမယ်။ စာဖတ်သူတို့အားလုံး သက်ရှည်ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

မှတ်ချက် – အွန်လိုင်းစာမျက်နှာများမှာ ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ မူရင်းရေးသားသူများအားလုံးကို Credit ပေးပါသည်။