ခရမ်းချဉ်သီးဟာ ဆယ့်နှစ်ရာသီလုံး တွေ့ရတဲ့ အသီးဖြစ်ပြီး အိမ်ရှင်မတွေ အတွက် မရှိမဖြစ် အသီးတစ်မျိုးပါ။   ဟင်းချက် ရာမှာ ထည့်ဝင် အသုံးပြုတဲ့ အပြင် ဖျော်ရည်၊ အသုပ်၊ ယို စသဖြင့် မျိုးစုံ လုပ်စားလို့ ရတဲ့ အသီးတစ်မျိုးဆိုတာ လူတိုင်း သိကြပါတယ်။ ပူအိုက်တဲ့ နွေမှာ ခရမ်းချဉ်သီးဖျော်ရည်လေး ဖျော်သောက်လိုက်ရင်ပဲ ရင်အေးစေပြီး ခရမ်းချဉ်သီးကို သံပုရာသီးလေးနဲ့ အသုပ်လေး သုပ်စားရင်လည်း အပူကြောင့် ပျက်နေတဲ့ ခံတွင်းကို ကောင်းစေပါတယ်။

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုး ဆိုတာကတော့ ပြောစရာ မလိုအောင်ဘဲ သိကြပါတယ်။    ဒါဆိုရင် ဘယ်လို အရာတွေကို အကျိုးပြုစေလဲဆိုတာ ကြည့်ရအောင်ပါ။   ခရမ်းချဉ်သီးမှာ ဗီတာမင်အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် b6၊ ဆိုဒီယမ်၊ ဖောလိစ်၊ ကယ်ဆီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်၊ ရေဓာတ်တို့ ပါဝင်ပါတယ်။ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး ကိုလက်စထရောဓာတ်လည်း ရာခိုင်နှုန်း အနည်းငယ်သာ ပါဝင်ပါတယ်။  ရေဓာတ်ပြည့်ဝတဲ့ အသီးဖြစ်တာကြောင့် အစာပြည့်လွယ်စေပါတယ်။    ဒိလို ကောင်းမွန်တဲ့ ဓာတ်ပေါင်းစုတွေ ပါဝင်တာကြောင့်ပဲ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတာပါ။

ခရမ်းချဉ်သီးဟာ ဟင်းချက်ရာမှာ ထည့်ဝင်ချက်ပြုတ်တဲ့ အမယ်တစ်မျိုးဖြစ်ပေမယ့် သွေးတွင်းသကြားဓာတ်ကိုတော့ ညီအောင် ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ အကောင်သေးပေမယ့် အစွမ်းများတဲ့ ခရမ်းချဉ်ပါ။    ဗီတာမင်နဲ့ ကယ်ဆီယမ် ဓာတ်တွေ ပါဝင်တာကြောင့် အရိုးတွေ အတွက်တော့ မိတ်ဆွေကောင်းပါပဲ။   ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်လုံး အမြင်အာရုံ ပိုကောင်းစေပြီး ညဘက် အမြင်အာရုံ ချို့တဲ့မှုကို ကာကွယ်ပေးပါတယ်။

ပူအိုက်တဲ့ ရာသီဥတုမှာ ခရမ်းချဉ်သီးကို များများ စားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခရမ်းချဉ်သီးမှာ ပါတဲ့ ဘီတာကယ်ရိုတိန်းဓာတ်ဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးပြီး အသားအရေကို ပြန်ပြီး ကြည်လင်လာစေပါတယ်။   လိုင်ကိုပင်းဓာတ် ဟာလည်း အသားရေတွန့်ခြင်းနဲ့ အရေးအကြောင်း အမဲစက်တွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။   အမျှင်ဓာတ် ပါဝင်ပြီး ရေဓာတ်များတဲ့ အသီးဖြစ်တာကြောင့် ကိုယ်အလေးချိန် လျော့ချရာမှာလည်း အသုံးဝင်ပါတယ်။   နေ့တိုင်း စားနေကြ အစာတွေထဲမှာ ခရမ်းချဉ်သီးကို ပါအောင် စားပေးပါက ကိုယ်အလေးချိန် လျော့ချဖို့ အများကြီး အထောက်အကူ ပြုပါတယ်။

ဆေးလိပ် သောက်သုံးသူတွေ ခရမ်းချဉ်သီးကို များများစားပေးသင့်ပါတယ်။   သူ့မှာပါတဲ့ အက်ဆစ်ဓာတ် တစ်မျိုးဟာ အဆုတ်ကို ထိခိုက်စေမယ့် အရာတွေ ကနေ ကာကွယ်ပေးပါတယ်။   သံဓာတ် ပါဝင်ပြီး အမျိုးသမီးတွေ အတွက်ကတော့ အဖော်မွန်ကောင်းပါပဲ။  Antioxidants ပါဝင်တာကြောင့် ကင်ဆာဖြစ်စေခြင်းကို လျော့ချပေးပါလိမ့်မယ်။

ခရမ်းချဉ်သီးကို မစားခင် မချက်ပြုတ်ခင်တွေမှာ ရေသေချာဆေးဖို့တော့ မမေ့ပါနဲ့။   ဆေးတွေ ဖျန်းထားတဲ့ အသီးကို ရေမဆေးဘဲ ဖျော်သောက်မိတာ သုပ်စားမိတာမျိုးဆိုရင် အစာအိမ် ထိခိုက်စေပြီး အော့အန် တာမျိုးတွေ ဖြစ်ပွားစေနိုင်တာ  ကြောင့် သတိထားစေချင်ပါတယ်။

Credit: healthfood-guide.com