ကမ္ဘာပေါ်ရှိ နေရာဒေသအနှံ့အပြားမှာ နေထိုင်နေကြတဲ့ လူအများစုမှာ ကိုယ်သင်းနံ့ပြဿနာကြောင့် လူအများကြား သွားရလာရတာ လွတ်လွတ်လပ်လပ်မရှိဘဲ အချိန်ပြည့်သတိထားနေရပါတယ်။ ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစွာ မစားသောက်ခြင်း၊ မျိုးရိုးဗီဇ နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ပေါ့လျော့မှု စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ကိုယ်သင်းနံ့ဆိုးရွားမှုဖြစ်ပေါ်လာရတာပါ။ ချွေးနံ့ပျောက်ဆေးများ၊ ရေမွှေးများ စသည်တို့ဖြင့် ကိုယ်သင်းနံ့ကို ထိန်းချုပ်နိုင်သော်လည်း မူလဖြစ်စဉ်ကိုမကုသသေးသရွေ့ ဆက်လက်ဖြစ်ပွားနေမှာဖြစ်ပါတယ်။

ထိုကဲ့သို့ ပြဿနာများကို ခေါင်းအရှုပ်ခံ၍ နည်းလမ်းပေါင်းစုံ စဉ်းစားနေစရာမလိုဘဲ ကျန်းမာရေးနှင့် ညီညွတ်မျှတမှုရှိသည့် စားသောက်မှုပုံစံကို လိုက်နာကျင့်သုံးခြင်းဖြင့် အလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မိမိ၏ခန္ဓာကိုယ်အတွင်းကို သန့်စင်ပေးကာ ကိုယ်သင်းနံ့ပြဿနာကို ကူညီပေးမည့် အစားအသောက်များကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ သံပုယိုသီး

လန်းဆန်းမွှေးပျံ့သောရနံ့ရှိသည့် သံပရိုသီးတွင် ဘတ်တီးရီးယားများ၏ရန်မှ ကာကွယ်ပေးသည့် အစွမ်းသတ္တိများပါဝင်သည့်အတွက် ကိုယ်သင်းနံ့၊ ခံတွင်းနံ့ ဆိုးရွားမှုတို့မှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

၂။ ခရမ်းချဉ်သီး

ဘတ်တီးရီးယားများကြောင့် ကိုယ်သင်းနံ့ဆိုးရွားမှုဖြစ်ပေါ်စေခြင်းမှ တားဆီးပေးနိုင်ရုံသာမက ဖုန်အညစ်ကြေးများဝင်ရောက်နိုင်မည့် ချွေးပေါက်များကို ကျဉ်းစေကာ ချွေးထွက်လွန်ခြင်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

၃။ လက်ဖက်ရည်ကြမ်း

ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်မှန်သမျှကို တိုက်ထုတ်ပေးသည့်အတွက် ကိုယ်သင်းနံ့ကို ကောင်းမွန်စေရုံသာမက ခံတွင်းနံ့သင်းပျံ့စေရန်လည်း ကူညီပေးမှာဖြစ်ပါတယ်။

၎။ အုန်းဆီ

အုန်းဆီသုံးစွဲမှုဟာ အစာချေဖျက်မှုစနစ်ကို ကောင်းမွန်စေ၍ ကိုယ်သင်းနံ့၊ ခံတွင်းနံ့ တို့ ဆိုးရွားမှုကို ဖြစ်ပေါ်စေနိုင်သည့်အရာအားလုံးကို မောင်းထုတ်ပေးမည့် ဓာတ်သတ္တုတစ်ခုလည်းဖြစ်ပါတယ်။

၅။ ပင်စိမ်း

ပင်စိမ်းတွင်ပါဝင်သည့် အစွမ်းသတ္တိများသည် အသားအရေပေါ်၌ ဘတ်တီးရီးယားများ ပေါက်ဖွားခြင်းမှ ကာကွယ်ပေးကာ ချွေးထွက်မှုကို လျော့နည်းစေသည့်အတွက် ခန္ဓာကိုယ်အနံ့ဆိုးဖြစ်ပေါ်မှုကိုလည်း ဖယ်ရှားပေးမှာဖြစ်ပါတယ်။

၆။ သစ်ကြမ်းပိုးခေါက်

ခံတွင်းနံ့ကို အထူးလန်းဆန်းမှုရှိစေသည့် သစ်ကြမ်းပိုးခေါက်သည် ခန္ဓာကိုယ်ကိုပါ သန့်ရှင်းလတ်ဆတ်သည့် အမွှေးနံ့ကို စွဲကျန်နေစေမှာဖြစ်ပါတယ်။ အာခံတွင်းရှိ ဘတ်တီးရီးယားများဖြစ်ပေါ်မှုကို လျော့နည်းစေသည့်အတွက် ခံတွင်းနံ့ဆိုးရွားမှုမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၇။ နံနံပင်

နံနံပင်တွင်ပါဝင်သည့် အဆီဓာတ်များသည် ရှူရှိုက်ရန်ခက်ခဲလောက်သည့် အနံ့ဆိုးများကို ဖုံးလွှမ်းပေးမှာဖြစ်ပါတယ်။ ထို့အပြင် နံနံပင်တွင် chlorophyll လုံလုံလောက်လောက်ပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်ပေါ်မှုကို လျော့ချပေးကာ သွေးကိုသန့်စင်ပေးနိုင်ပါတယ်။