ကင်ပွန်းပင်ကို ဇီဝနာမည် Acacia Concinna ဟု ခေါ်ပြီး ကင်ပွန်းချဉ်ဟာ ဟင်းအရံအနေနဲ့ အစားများတဲ့ အရွက်တစ်မျိုး ဖြစ်ပါတယ်။ အခုလို ပူပြင်းတဲ့ နွေချိန်ခါမှာ ကင်ပွန်းချဉ်ဟင်းချို အရည်ကျဲလေးဟာ အပူဒဏ်ကို လျော့စေပြီး ခံတွင်းမြိန်စေပါတယ်။ မြန်မာ့နိုင်ငံ နေရာတော်တော်များများမှာပေါက်တဲ့ အပင်ပါ။ သူက ဆူးပုတ်လို ပုံသဏ္ဍာန် အပင်ရှိပြီးတော့ အရသာက ချဉ်တဲ့ အရသာ ရှိပါတယ်။ အခတ်အနုလေးတွေကို ခူးပြီး ကြော်စား ချက်စား ဟင်းချို ချက်သောက်ကြပါတယ်။ ကင်ပွန်းချဉ်ဟာ အရွက်ရော အသီးပါ အသုံးဝင်တဲ့ အပင်မျိုး ဖြစ်ပါတယ်။

အရွက်တင်မက အသီးပါ အသုံးဝင်ပါသေးတယ်။ အသီးက အတောင့်ရှည်မျိုး ဖြစ်ပြီး အစေ့တွေကြားမှာ အဆစ်လေးတွေ ရှိပါတယ်။ အစေ့က အနက်ရောင်ရှိပြီး အစေ့ကို ပစ်ထားရင် အလွယ်အကူ အပင်ပေါက်နိုင်ပါတယ်။ မြန်မာတို့ရဲ့ ရှေးရိုးရာ တလျော်ကင်ပွန်း ခေါင်းလျှော်ရည်ထဲမှာ သုံးတဲ့ ကင်ပွန်းသီးဟာ ကင်ပွန်းချဉ်ပင်က ရတဲ့ အသီးပါ။

ကင်ပွန်းသီးကို ပြုတ်ပြီး တရော်နဲ့ လျှော်ရင် ဆံပင်ကို သန်စွမ်းစေပြီး ဦးရေကို အေးမြစေပါတယ်။ အခုလို နှစ်သစ်ကူး အခါသမယမှာ လူကြီးသူမတွေကို ခေါင်းလျှော်မင်္ဂလာ ပြုလုပ်ရင် အသုံးပြုကြပါတယ်။ မင်္ဂလာရှိတယ်လို့ မြန်မာ အယူ ရှိပါတယ်။ အသီးကို အစာအိမ်ရောဂါ၊ သွေးနဲ့ ပတ်သတ်သော ရောဂါတွေ အတွက် ဆေးဖော်စပ်ရာမှာ အသုံးပြုပြီး မြွေဆိပ်ကုရာမှာလည်း သုံးပါတယ်။

concinna

အရွက်ကိုတော့ ချက်ပြုတ် စားသောက်တာ အပြင် ဆေးအနေနဲ့လည်း သုံးလို့ ရပါသေးတယ်။ အရွက်ကို ကြိတ်ပြီး အသည်းရောင် အသားဝါ ရောဂါသည်တွေကို တိုက်ရင် သက်သာစေပြီး အသည်းရောင်နေတဲ့ နေရာကို လိမ်းပေးခြင်းဖြင့် အရောင်ကျစေပါတယ်။ ဟင်းချို ချက်သောက်ရင် ကိုယ်တွင်း အပူကို ကျစေပြီး ရင်အေးစေပါတယ်။

အစပ်တွေ အများကြီးနဲ့ ဟင်းတွေ ချက်ထားတယ်ဆိုရင်တော့ ကင်ပွန်းချဉ်လေးကို ဟင်းချိုသာ ချက်ထားလိုက်ပါ။ ကင်ပွန်းချဉ်ရွက်ဟာ လေနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို သက်သာစေပြီး ဝမ်းကိုလည်း ပျော့စေပါတယ်။ ကျောက်ကပ်ကို အားပေးတဲ့ အတွက် ဆီးရွှင်စေပါတယ်။ အထူးသဖြင့် အမျိုးသားတွေ အတွက် ပန်းသေး ပန်းညှိုးမှ အစ သက်သာစေပါတယ်။

အရွက်ကို ရေနွေးဖျောပြီး ငှက်ဖျားရောဂါသည်တွေ သောက်ပေးရင် အပူကျပြီး သက်သာစေပါတယ်။ အရွက်နုတွေကို ညသိပ်ပြီး သောက်ပေးရင် အဖျဉ်းရောဂါတွေကို ပျောက်စေပါတယ်။ နေမကောင်းသူတွေနဲ့ နာလန်ထစ လူမမာတွေကို ကင်ပွန်းချဉ် ဟင်းချိုနဲ့ ကျွေးရင် ခံတွင်းမြိန်စေပြီး အပူရှိရင်လည်းသက်သာစေပါတယ်။

အစာအိမ်လမ်းကြောင်း မကောင်းသူတွေ သောက်ပေးသင့်တဲ့ ဆေးဘက်ဝင် ဟင်းချိုပါ။ ပူပြင်းတဲ့ နွေမှာ အချဉ်ဓာတ် အနည်းငယ်ပါတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ ကင်ပွန်းချဉ်ကတော့ ဘေးထွက် ဆိုးကျိုးလည်း မရှိတဲ့ အပြင် နေရာတိုင်းမှာ အလွယ်တကူ ရရှိနိုင်တာကြောင့် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ ပျော်ရွှင်ကြပါစေ။

Credit: Thaiherbalexpert