ပင်လယ်ရေညှိတွေဆိုတာ ပင်လယ်ထဲမှာပေါက်ရောက်တဲ့ ပင်လယ်စာ ဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။ ရေနေသတ္တဝါတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာတစ်မျိုးဖြစ်သလို ဂျပန်၊ ကိုရီးယား၊ တရုတ် စတဲ့ အာရှနိုင်ငံများအတွက်လည်း ရေညှိက အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။

အထက်ဖော်ပြပါ နိုင်ငံတွေမှာ အဓိက စားသုံးကြပြီး တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှုများ လွှမ်းမိုးမှုခံရတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာလည်း တော်တော်များများ စားသုံးလာကြတာကို တွေ့ရပါတယ်။

ဆူရှီလိပ်တဲ့အခါ ထည့်လိပ်ခြင်း၊ ရေညှိဟင်းရည် ပြုတ်သောက်ခြင်း၊ ဟင်းရွက်သုပ် လုပ်စားတဲ့အခါ ထည့်သုပ်ခြင်း စသည်ဖြင့် အမျိုးမျိုး လုပ်စားလေ့ရှိပါတယ်။

စာဖတ်သူတို့ရော ပင်လယ်ရေညှိကို ဘာ့ကြောင့် စားသုံးကြတာလဲ။ ကိုရီးယားအစားအစာတွေကို ကြိုက်လို့စားတာလား၊ ဒါမှမဟုတ် ပင်လယ်ရေညှိက ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် စားသုံးတာလား။ ပင်လယ်ရေညှိက ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရော သိပြီးပါပြီလား။

အာဟာရဓာတ် ပြည့်ဝစုံလင်စွာ ပါဝင်ခြင်း

ပင်လယ်ရေညှိထဲမှာ ပရိုတင်းဓာတ်၊ ကာဘိုဟိုက်ဒြိုက်ဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဖက်တိအက်ဆစ်ဓာတ်တို့ ပါဝင်တဲ့အပြင် ဗီတာမင် စီ၊ ဗီတာမင် ဘီ၊ ဗီတာမင် အေ၊ ဗီတာမင် အီး၊ သံဓာတ်နဲ့ အိုင်အိုဒင်းဓာတ်တို့လည်း ပါဝင်ပါတယ်။

လည်ပင်းကြီးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

သွိုင်းရွိုက်ကလင်းက စွမ်းအင်ထုတ်လုပ်ဖို့၊ ကြီးထွားဖို့နဲ့ ဆဲလ်သစ်များ ဖြစ်ပွားဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းများကို ထုတ်လွှတ်ပေးပါတယ်။ ပင်လယ်ရေညှိထဲမှာ ပါဝင်တဲ့ အိုင်အိုဒင်းဓာတ်က သွိုင်းရွိုက်ကလင်း ကောင်းစွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာများက ဆီးချိုရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ အစာထဲမှာပါဝင်တဲ့ မြင့်မားတဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ပဲဖြစ်ပါတယ်။ ဒီလေ့လာချက်ကိုတော့ ၂၀၁၈ ခုနှစ်က လေ့လာတွေ့ ရှိထားတာပဲဖြစ်ပါတယ်။

အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း

ရေညှိထဲမှာပါဝင်တဲ့ အမျှင်ဓာတ်က အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့မှ ကင်းဝေးအောင် ကူညီပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ချရာမှ ကူညီပေးခြင်း

ဝိတ်ကျအောင် ကူညီပေးတဲ့နေရာမှာလည်း အမျှင်ဓာတ်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အမျှင်ဓာတ်ကပဲ ဗိုက်မြန်မြန်ပြည့်အောင် ကူညီပေးပြီး ဆာလောင်မှုကို ဟန့်တားပေးနိုင်ပါတယ်။ ဒါ့အပြင် ကယ်လိုရီဓာတ်လည်း မပါတာကြောင့် ရေညှိက ဝိတ်ချချင်သူများအတွက် အကောင်းဆုံးအစားအစာတစ်ခုပဲဖြစ်ပါတယ်။

Source: Medicalnewstoday.com