ပေါက်ပန်းပင်ဟာ လီဂူနိုးစီးမျိုးရင်းဝင်ချင်း ဖြစ်၍ ရုက္ခဗေဒအမည်မှာ ဆက်ဗာနီးယား ဂရန်ဒီဖလော်ရာ ဖြစ်ပါတယ်။ ပေါက်ပန်းဖြူပင်နဲ့ ပေါက်ပန်းနီပင်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အပူပိုင်းဇုန် ဒေသ အပင်များ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သီဟိုဠ်ကျွန်းတို့မှာ ပေါက်ရောက်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မြေပြန့်ဒေသနဲ့ မြစ်ချောင်းစမ်းချောင်း ဘေးတွေမှာ ပေါက်ပါတယ်။
ပေါက်ပန်းဖြူပင်တွေကို ရန်ကုန်မှာတော့ တွေ့ဖူးသူ နည်းပါလိမ့်မယ်။ နယ်ဖက်တွေမှာတော့ နေရာတော်တော်များများမှာ ပေါက်ရောက်ပါတယ်။ အရွက်သေး၍ နူးညံ့ပါတယ်။ ရှည်ဝိုင်းပုံ ရှိပါတယ်။ အရွက်နဲ့ နှိုင်းစာလျှင် အပွင့်ဟာ ပိုကြီးမားပါတယ်။ ပွင့်ဖတ်အသားထူပြီး အပွင့်များ တွဲလွဲပွင့်ပါတယ်။ အပွင့်တွေဟာ လှပတဲ့ အဆင်းနဲ့ ပြည့်စုံပြီး အနံ့ကတော့ မရှိပါဘူး။
ပေါက်ပန်းနီပင်တွေဟာ ပေါက်ပန်းဖြူလောက် ပေါပေါများများ မတွေ့ရပါဘူး။ ပေါက်ပန်းဖြူပင်နဲ့ အပွင့်ရောင်က လွဲပြီး ကျန်တာ အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ပေါက်ပန်းနီပင်ရဲ့ အပွင့်အရောင်ဟာ အနီရောင် အဆင်းရှိပါတယ်။
ပေါက်ပန်းပင်ရဲ့ အသီးဟာ ပဲသီးတောင့်ရှည်ကဲ့သို့ သေးသေးရှည်ရှည် ဖြစ်ပြီး တွဲလောင်းသီးပါတယ်။ ပေါက်ပန်းပင်ရဲ့ အသီး၊ အရွက်၊ အပွင့်တို့ကို ချက်ပြုတ်စားလု့ိ ရပါတယ်။ အထူးသဖြင့် မြန်မာနနိုင်ငံမှာတော့ ပြုတ်ပြီး ငပိရည်နဲ့ တို့စားကြပါတယ်။ ချဉ်ရည်အဖြစ်လည်း ချက်စားကြပါတယ်။ ပေါက်ပန်းဖြူ အညွှန့်ကိုလည်း တို့စရာအဖြစ် စားကြပါတယ်။ သီဟိုဠ်ကျွန်းမှာတော့ အပွင့်ရော အရွက်ရောကို ထောပတ်နဲ့ ကြော်ပြီး စားသောက်ကြပါတယ်။
ပေါက်ပန်းဖြူရဲ့ အစေး၊ အပွင့်၊ အစေ့၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းများ အားလုံးဟာ ဆေးဖက်ဝင်ပါတယ်။ မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည် အဆစ်ရောင် ရောဂါ ဖြစ်တဲ့လူတွေ အမြစ်ကို သွေးပြီး လိမ်းပေးရင် သက်သာပါတယ်။ ပေါက်ပန်းဖြူကို စားရင်တော့ သုတ်ကို ပွားစေပြီး အရိုးကို ဆက်စေပါတယ်။ ဆီးရွင်စေပြီး လေကို တိုးပွားစေပါတယ်။ သည်းခြေနဲ့ သလိပ်ကို နိုင်စေပါတယ်။ ဆီးပူခြင်းနဲ့ ဆီးအောင့်ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ပေါက်ပွင့်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခပ်၍သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ အရိုးကျီးပေါင်းရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါက ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်သည်။ ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိသူများ မကြာခဏပြုတ်တို့စားပေးရသည်။