ခရမ်းချဉ်သီးကို နေ့စဉ်ဘဝမှာ အမျိုးမျိုးအဖုံဖုံသုံးလာကြပါတယ်။ အစားအစာတွေထဲမှာဖြစ်ဖြစ် အလှအပအတွက်ပဲ ဖြစ်ဖြစ် အိမ်တိုင်းလိုလို အသုံးပြုကြတဲ့ ဟင်းစားသီး တစ်မျိုးပါ။ ဒါပေမယ့် သူတို့ကို ဘယ်လို သိမ်းထားရမလဲဆိုတဲ့အခါမှာတော့ ရေခဲသေတ္တာထဲ မထည့်သိမ်းတာ အကောင်းဆုံးလို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

သုတေသနပညာရှင်တွေက ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ သိမ်းတဲ့အခါ ဘာဖြစ်လာတတ်သလဲဆိုပြီး လေ့လာမှုတစ်ခုပြုလုပ်ခဲ့ကြတယ်။

အဲ့ဒီလေ့လာမှုအတွက် ခရမ်းချဉ်သီးကို အချိန်အပိုင်းအခြားအမျိုးမျိုးမှာ အအေးခံခဲ့ကြတယ်။ ရလဒ်အနေနဲ့ အပူချိန်အတိုင်းအတာတစ်ခုမှာ အအေးပေးထားတဲ့ ခရမ်းချဉ်သီးဟာ သူ့ရဲ့ မူလအရသာနဲ့ အနံ့ ကိုဖြစ်ပေါ်စေတဲ့ ဒြပ်ပေါင်းထုတ်လုပ်မှုရပ်တန့်သွားပါတယ်။

ဒါကြောင့်မို့လို့လည်း စိုက်ခင်းက လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ ခရမ်းချဉ်သီးလောက် အရသာမတွေ့တော့တာပါ။

ဒါပေမယ့် ခရမ်းချဉ်သီးကို အနံ့အရသာမပျောက်ပဲ အအေးခံနည်းကို ဆက်လက်ပြီး လေ့လာနေကြပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်အနေနဲ့ ခရမ်းချဉ်သီးကို အရမ်းအေးတဲ့နေရာမှာမသိမ်းပဲ အအေးလျော့တဲ့နေရာမှာထည့်သိမ်းထားလို့ရပါတယ်။

Source: Best food facts