အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာများကို စားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တာကို စာဖတ်သူတို့ သိပြီးပြီဖြစ်မှာပါ။ အိုမီဂါသရီးကြွယ်ဝတဲ့ အစားအစာတွေထဲမှာ သဘာဝအဆီဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် ဘေးဥပါဒ်ဖြစ်စေမှာ မဟုတ်ပါဘူး။

အိုမီဂါးသရီးဆိုတာ ဘာလဲ

စောစောကပြောခဲ့သလိုပါပဲ အိုမီဂါသရီးဆိုတာ သဘာဝအဆီတစ်မျိုးပါပဲ။ အိုမီဂါသရီးကို အမျိုးအစားသုံးမျိုး ခွဲခြားထားပါတယ်။ Alpha-Linolenic Acid (ALA) ၊ Eicosapentaenoic Acid (EPA) နဲ့ Docosahexaenoic Acid (DHA) တို့ပဲဖြစ်ပါတယ်။

ALA ကိုတော့ ခန္ဓာကိုယ်က မထုတ်လုပ်ပေးနိုင်တဲ့အတွက်ကြောင့် အစားအစာတွေကနေတဆင့် မှီဝဲရပါတယ်။ EPA နဲ့ DHA တို့ကို ခန္ဓာကိုယ်က အလိုအလျောက် ထုတ်လုပ်ပေးနိုင်သလို အစားအစာတွေထံမှလည်း ရရှိနိုင်ပါတယ်။

ALA ကြွယ်ဝတဲ့ အစားအစာတွေကတော့ အစေ့အဆံများ၊ ပဲအမျိုးမျိုး စတဲ့ အစားအစာတွေဖြစ်ပြီး EPA နဲ့ DHA ကြွယ်ဝတဲ့ အစားအစာတွေကတော့ ငါးအမျိုးမျိုး၊ ပင်လယ်ရေညှိ၊ စိမ်းပြာရေညှိနဲ့ ဖြည့်စွက်စာတို့ပဲဖြစ်ပါတယ်။

တကယ်လို့ သင်ကိုယ်တိုင် (သို့) သင့် ပတ်ဝန်းကျင်က သူတစ်ယောက်ယောက်က သပ်သတ်လွတ်သမားမု့ိလို့ ငါးစားလို့ မရဘူးဆိုရင်တော့ ရေညှိလေးတွေကို စားသုံးသင့်ပါတယ်။

အိုမီဂါသရီးကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများ

အိုမီဂါသရီးမှာ ရောင်ရမ်းမှုကို လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ တစ်ပတ်ကို ငါးဟင်း နှစ်ကြိမ်ခန့် စားသုံးပေးခြင်းက နှလုံးကျန်းမာရေးကောင်းမွန်စေတယ်လို့ ထောက်ခံပြောကြားထားပါတယ်။

သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ အိုမီဂါသရီးက ကင်ဆာရောဂါကို ကာကွယ်ပေးပါသေးတယ် အရေပြားကင်ဆာ၊ ရင်သားကင်ဆာရောဂါသည်တွေအတွက်ကတော့ အိုမီဂါသရီးက မရှိမဖြစ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နာမကျန်းဖြစ်ချိန်မှာ ကိုယ်ခံစွမ်းအားနည်းနေတာကြောင့် အိုမီဂါသရီးမှီဝဲခြင်းအားဖြင့် ကိုယ်ခံစွမ်းအားမြှင့်မားလာမှာပဲဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ စိတ်လှုပ်ရှားမှု လွန်ကဲခြင်းနဲ့ စိတ်ဖိစီးမှုတို့ကို ကုသပေးနိုင်တာကလည်း အိုမီဂါသရီးပဲဖြစ်ပါတယ်။

အားကစားပြုလုပ်နေသူများအနေနဲ့ အားကစားစွမ်းဆောင်ရည်မြင့်မားလာအောင် အိုမီဂါသရီးကို မှီဝဲနိုင်ပါသေးတယ်။ အိုမီဂါသရီးက လေ့ကျင့်ခန်းပြုလုပ်ပြီးလို့ ကြွက်သားများနာကျင်ကိုက်ခဲနေတဲ့အခါ ပြန်လည်အားအင်ဖြည့်တင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Source: runnersworld.com