ခေါင်ရည်သည် အရက်နွယ်ဝင် တစ်မျိုးပြီးဖြစ်ပြီး ကစော်ဖောက်ထားသော ရိုးရာ တစ်မျိုးလည်းဖြစ်ပါတယ်။ အရောင်မှာဖြူပြီး ခပ်နောက်နောက် ရှိပြီး အရသာကတော့ ချိုပါတယ်။ ခေါင်ရည်ဆိုတာကတော့ ဘီယာလိုပဲ တစ်ချို့ဒေသတွေမှာ ဓလေ့အရ သောက်သုံးကြပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ ရိုးရာဓလေ့ အနေနဲ့ သောက်သုံးကြပါတယ်။

ခေါင်ရည်ကို ချက်ပြီးသား ကောက်ညှင်း ဒါမှမဟုတ် ဆန်ကို တဆေးနဲ့ ရောပြီး ခေါင်ရည် တည်ယူကြပါတယ်။ ကောက်ညှင်းနဲ့ တည်ယူတဲ့ ခေါင်ရည်က ပိုပြီး ကောင်းတယ်လို့  ဆိုပါတယ်။ တဆေးဆိုတာကတော့ ဂျုံ၊ ဆန်၊ ကောက်ညှင်း၊ သကြား၊ ထန်းလျက်တို့ကို ဓာတ်ပြုစေတဲ့ အရာဖြစ်ပါတယ်။ မှိုတစ်မျိုဖြစ်ပြီးတော့ အင်ဇိုင်းလို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး တဆေးမှာ ပါဝင်ပါတယ်။ အဲ့ဒီ ပရိုတင်းကတော့ ဓာတ်ပြောင်းလဲမှု မြန်စေဖို့ ကူညီပေးတဲ့ အရာပါ။

ခေါင်ရည် တည်ရာမှာ အဓိက ပါဝင်တာတွေကတော့

  • ကောက်ညှင်း(သို့)ဆန်
  • ဖက်ရွက် သန့်သန့်
  • တဆေး
  • တည်မယ့်အိုး (သို့)ဝါးကျည်ထောက် တို့ပဲ ဖြစ်ပါတယ်။

ခေါင်ရည်တည်ရာမှာ ပထမဦးဆုံး ကောက်ညှင်း သို့မဟုတ် ဆန်ကို နူးနပ်နေအောင် ချက်ရပါတယ်။ ကျက်တဲ့ အခါမှာ ဆေးထားတဲ့ ဖက်ရွက် အသန့်တွေပေါ်မှာ ဖြန့်ပြီး အအေးခံပါ။ အေးတဲ့ အခါ တဆေးနဲ့ ရောပြီး အိုးထဲကို ထည့်ပါမယ်။ တစ်ခု သတိထားရမှာက အိုးတွေဟာ အသစ်တွေ ဖြစ်ရပါမယ်။ အခြားအရာတစ်ခုခု ထည့်ထားတဲ့ အိုးတွေကို သုံးလို့ မရပါဘူး။ ခေါင်ရည်တည်ပြီးသားဆိုရင်တော့ အိုးကို ထပ်ပြီးသုံးလို့ ရပါတယ်။ တောင်ပေါ်ဒေသတွေမှာတော့ အဝကျယ်တဲ့ ဝါးဘိုး ဝါးကျည်ထောက်တွေကို အသုံးပြုကြပါတယ်။

ုkhaungyay
ခေါင်ရည်တည်ထားတဲ့ အိုးကို အမှိုက်တွေ မဝင်စေဖို့ လုံအောင် ပိတ်ထားဖို့ လိုပါတယ်။ ခေါင်ရည်အိုးကို နေရောင်ခြည်ထဲမှာ ထုတ်ထားပါ။ နေရောင်ဟာ ဓာတ်ပြောင်းဖို့ အတွက် အဓိက အကူအညီ ပေးပါတယ်။ ရက်အနည်းငယ်လောက် ထားပြီးရင် ဓာတ်ပြောင်းလဲပြီး ကဇော်ပေါက်လာပါပြီ။ အိုးကို ဖွင့်ကြည့်ရင် အပေါ်ယံမှာ မှိုတွေကို တွေ့ရမှာ ဖြစ်ပြီး ဆန်တွေထဲကနေ အရည်တွေ စိမ့်ထွက်နေတာ တွေ့ရပါလိမ့်မယ်။ နောက်ထပ် ရက်အနည်းငယ် ထပ်ပြီး ထားလိုက်တဲ့ အခါ ဆန်တွေ ကြေသွားပြီး အဖတ်တွေ အနည်ထိုင်ကာ ကြည်လင်တဲ့ အရည်တွေကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ချိုမြတဲ့ ခေါင်ရည် ရပါပြီ။

ခေါင်ရည်ကို တောင်ပေါ်ဒေသတွေမှာတော့ ပွဲလမ်းသဘင်ရှိတဲ့ အခါမျိုးတွေမှာ သောက်ကြလေ့ ရှိပြီး အိုးထဲမှာ ရှိတဲ့ ခေါင်ရည်ကို သင်္ဘောရိုး ဒါမှမဟုတ် ဝါးပြွန်လေးတွေနဲ့ ဝိုင်းစုပ်ပြီး သောက်ကြပါတယ်။ ခေါင်ရည်ဟာ ကြာကြာထားလေ ကောင်းလေပါပဲ။ တစ်ချို့ဆိုရင် ၃-၆နှစ် အထိ ရှိကြပါတယ်။