အထွေထွေ ဗဟုသုတ - General Knowledge

အိမ်တွင်း ဗဟုသုတ အတိုအထွာ (၁)

July 1, 2016

အိမ်တွင်း ဗဟုသုတ အတိုအထွာ (၁)

Share this on:

အိမ်ဦးခန်း ဘုရားစင် ဝေယျာဝစ္စမှ စ၍ ၊ အိမ်နောက်ဖေး မီးဖိုချောင်မကျန် ၊ ရေချိုးခန်း (သန့်စင်ခန်း) အဆုံး အိမ်ရှင်မတစ်ဦး၏ တာဝန်များမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ် ။   ဒါကြောင့်လည်း ရှေးလူကြီးများက “အိမ်မှုကိစ္စဝေယျာဝစ္စ” ရယ် လို့  အမည်တပ်ခဲ့ ကြပါတယ် ။  နေ့တ ဓူဝ ကြုံတွေ့ နေရတဲ့ သမရိုးကျ အိမ်ထောင့် တာဝန်များ ကို ပုံမှန်နည်းဖြင့် ဖြေရှင်းနိုင်သော်လည်း ၊ တခါတရံ မထင်မှတ်တဲ့ အခက် အခဲ လေးတွေ အတွက် ဖြတ်ထိုးဥာဏ် သုံးတတ်ဖို့ လိုပါတယ် ။

1. အိမ်က သမီးလေးက ကိုရီးယား မင်းသမီးလေးလို ဆံပင် တောက်ပြောင် ချောမွေ့ ချင်လိုက်တာ မေမေရယ်လို့ ပူဆာ လာခဲ့ရင် ၊ ရှာလကာ ရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီး ခေါင်းလျှော်ခိုင်းလိုက်ပါ ။

2. ခင်ပွန်းမှာ ဂျိုင်းမွေးရိတ် ကရင်မ် ကုန်နေခဲ့လျှင် ၊ အရေးပေါ် အဖြစ် ဆံပင်ပေါင်းဆေး (Conditioner) ပေးသုံးလိုက်ပါ ။ ဂျိုင်းမွှေးရိတ်ရ လွယ်ကူ သလို အသားအရေလည်း ချောမွေ့ သွားစေပါတယ် ။

3. မိတ်ကပ်ဖျက် ဆေးဗူး အထားမှားလို့ အလွယ် တကူ ရှာမတွေ့ ခဲ့ရင် ၊ ခေါင်းလိမ်းတဲ့ သံလွင်ဆီ နှင့်ဖျက်ပါ ။ (မျက်လုံးထဲ မ၀င်ပါစေနဲ့)

4. မီးပူတိုက်ရင်း (သို့မဟုတ်) ချက်ပြုတ်ရင်း မတော်တဆ အပူလောင်ပြီး အရည်ကြည်ဖု ပေါက်ခဲ့ရင် ၊ ငံပြာရည် (သို့) Pepsodent သွားတိုက်ဆေး (သို့) အာလူးကို ထက်ခြမ်းခြမ်းကပ် (သို့) ဆရာစိုင်းလိမ်းဆေး (သို့) ဆေးဖယောင်းချပ် ကပ်ပါ ။

5. ဖိနပ်သဲကြိုးရာ ခြေထောက်မှာ စွဲကျန်နေလို့ စိတ်မညစ်ပါနဲ့  ရှာလကာရည် ပွတ်လိမ်းပေးပါ ။

6. တစ်စုံတစ်ယောက် အတွက် လက်ဆော င်ပစ္စည်း ၀ယ်ထားပြီး ၊ ဈေးနှုန်း တန်ဘိုး မသိစေချင် ပါသော်လည်း ၊ အချို့ ပစ္စည်းများတွင် ဈေးနှုန်း တံဆိပ်ကို လုံးဝ ခွာမရ ဖြစ်နေတတ် ပါတယ် ။ ဆံပင် အခြောက်ခံစက်ကို မီးအားမြှင့်၍ အပူပြင်းပြင်း မှုတ်ထုတ် လိုက်ပါ ။

7. ရေခဲတုံး သန့်သန့် လိုချင်ရင် ၊ ရေနွေးပူပူကို အအေးခံပြီးမှ ရေခဲ ခဲပါ ။

8. သံပုရာသီး အလုံးထဲက သံပုရာရည်များ ကုန်စင်အော င်ညှစ်ချင် ပါရင် ၊ ဦးစွာ သံပုရာသီးကို ၁ နာရီခန့်  ကြိုတင်၍ ရေနွေးစိမ်ထားပါ ။

9. ဟင်းလျာများနှင့် အသုပ်များ အတွက် ဂေါ်ဖီထုပ်က အစိမ်းစော်နံ့ ပျောက်စေအောင် ၊ မချက်ပြုတ်ခင် ဂေါ်ဖီထုပ်ပေါ် ပေါင်မုန့် တစ်ချပ်လောက် တင်ထားလိုက်ပါ ။

10. ပီကေ၀ါးရင်း ကြက်သွန်နီ လှီးရင် မျက်ရည် လုံးဝ မကျစေတော့ပါဘူး ။

11. အာလူးပြုတ် မြန်မြန်နူးစေချင်ရင် ၊ ရှေးဦးစွာ အာလူးစိမ်းရဲ့ တစ်ဘက်စွန်းစီကို အခွံ အနည်းငယ် နွှာပြီးမှ ပြုတ်ပါ ။

12. ကန်စွန်းဥ ပြုတ်များ အခွံနွှာရ လွယ်ကူအောင် ၊ ပြုတ်ပြီးသား ကန်စွန်းဥ ပူပူကို ရေအေးထဲ စိမ်ထား လိုက်ပါ ။

13. ကြက်ဥ ၊ ဘဲဥပြုတ်များ အခွံခွာရ လွယ်ကူအောင် ဆားထဲ့ ပြုတ်ပြီး ၊ ကျက်ရင် ကြက်ဥ ၊ ဘဲဥ အချင်းအချင်း ခပ်သာသာ အခွံမာများ အက် သွားတဲ့ထိ ရိုက်ပေးပြီး ရေအေးထဲ စိမ်ပါ ။

14. အချိန် အတော်ကြာ အသုံးပြုလာခဲ့တဲ့ Coffee Maker (ခေါ်) ကော်ဖီဖျော်အိုးများ ကော်ဖီ ဂျိုးတူးနံ့ စွဲလာ တတ်ပါတယ် ။ အဲဒီ အခါ ကော်ဖီ ဖျော်အိုးထဲ ရှာလကာရည် တစ်ခွက် ထည့်ကာ ရေအပြည့် ဖြည့်ပြီး ၊ နာရီဝက်လောက် အပူပေး နှပ်ထားပါ ။ ပြီးရင် ရေသန့် ထည့်တည်၍ နောက်ထပ် နာရီဝက်လောက် တည်ပါ ။ ဤနည်းတိုင်း ဒုတိယ အကြိမ် ရေသန့် ထပ်တည်ပါ ။ ကော်ဖီ ဂျိုးတူးနံ့ ပျောက်ပြီး ၊ အနံ့ အရသာ ရှိသော ကော်ဖီ ဖျော်လို့ ရပါပြီ ။

15. ပန်းကန်ဆေး ဘေစင် ပိတ်ဆို့ နေလို့ စိတ်မညစ်ပါနှင့် ။ မုန့်ဖုတ် ဆော်ဒါ ၁-ဆ ကို ရှာလကာရည် ၂-ဆ ရောဖျောပြီး ရေပိုက်တ လျှောက် လောင်းထဲ့ပါ ။ မိနစ် ၂၀ အကြာမှာ ရေနွေးဆူဆူများ လောင်းချပေးခြင်းဖြင့် ပိတ်ဆို့ နေမှုများ လျောဆင်း သွားပါလိမ့်မယ် ။

16. သစ်သား စားပွဲခုံပေါ်မှာ အအေးခွက် (သို့မဟုတ်) ရေနွေးခွက် တင်တာ ကြာသွားရင် အဖြူရောင် အကွက်များ စွန်းကျန် လာပါတယ် ။ ဟင်းချက် ဆီနဲနဲကို ဆားရော၍ ပွတ်တိုက်ပြီး ၊ နောက် တနာရီခန့် အကြာ ချည်ထည် အ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ (သို့မဟုတ်) ရေနံချေးဖြင့် ပွတ်တိုက် ပြီးနောက် ၂၄ နာရီခန့် အကြာတွင် ချည်ထည် အ၀တ်ပါးဖြင့် ပွတ်ပေးလိုက်ပါ ။

17. ချက်ပြုတ်ခဲ့တဲ့ ဟင်းလျာတွေ ဖိတ်စဉ်ကျလို့ မိုက်ကရိုဝေ့ဖ် မီးဖိုမှာ အစွန်းအထင်းများ ညစ်ပတ်နေခဲ့ပါလျှင် ၊ မိုက်ကရိုဝေ့ဖ် မီးဖိုထဲမှာ ရွှဲရွှဲစိုနေသော ရေမြှုပ်ထဲ့၍ ၂ မိနစ်လောက် ပြုတ်ပါ ။ ထို့နောက် မီးခလုတ် ပိတ်ပြီး ၅ မိနစ်လောက်နေမှ ရေမြှုပ် ကို ထုတ်ယူပါ ။ ပြီးရင် အဲဒီ ရေမြှုပ်ဖြင့် ဟင်းလျာ အစွန်းအထင်းများကို လွယ်ကူစွာ သုတ်သင် နိုင်ပါပြီ ။ (သို့မဟုတ်) သံပုရာသီး တစ်လုံးကို ပါးပါးလှီးပြီး ၊ မိုက်ကရိုဝေဖ့် ပြား ပေါ်တင်ကာ ၊ ရေ လ္ဘက်ရည်ဇွန်း ၁ ဇွန်း လောင်းပြီး မီးဖိုကို ဖွင့်ပါ ။ သံပုရာသီးစိပ်များ ပူလားပြီး ၊ အထဲမှာ အငွေ့ ပျံလာတဲ့ အခါ တစ်ရှုးဖြင့် အစွန်း အထင်းများကို ပွတ်လိုက်ပါ ။ လုံးဝ သန့်စင်သွားပါမည် ။

18. ရေခဲသေတ္တာ ဖွင့်လိုက်တဲ့ အခါ အနံ့ဆိုးများ ထွက်နေပါသလား ။ မုန့်ဖုတ် ဆော်ဒါဗူးကို အဖုံး ဖွင့်ထည့် ထားပေးပါ ။ ဆော်ဒါက အနံ့ဆိုးများကို စုပ်ယူ ပေးပါလိမ့်မယ် ။ အဲဒီ မုန့်ဖုတ် ဆော်ဒါဗူးကို ၃ လ တစ်ကြိမ် အသစ်လဲ ပေးပါ ။ အကယ်၍ အနံ့ဆိုးများ မပျောက်သေးဘူး ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါ အနည်းငယ်ကို ရေဖျော်ပြီး ရေခဲသေတ္တာ အနှံ့ ဆေးကြောပေးပါ ။

19. ကန်စွန်းရွက် နှင့် ချဉ်ပေါင်ရွက် တို့ကို လက်မ ၊ လက်ညှိုး တို့ဖြင့် ဆိတ်ထွှင်ခြင်းကြောင့် ၄င်းအရွက်များရှိ သဘာဝ အစေးများက လက်သည်းကို မည်းစေပြီး အရုပ်ဆိုး အကျည်းတန် စေပါတယ် ။ ရှာလကာရည် (သို့မဟုတ်) သံပုရာသီး/ရှောက်သီးစိပ် တို့ဖြင့် ပွတ်တိုက်ပြီး ရေစင်စင် ဆေးပေးခြင်းဖြင့် လက်သည်းများ ပကတိ အတိုင်း ဖြူစင် လာသလို ၊ လက်သည်းလည်း မာလာစေပါတယ် ။ ပြည်ကြီးငါး (ကင်းပွန်) ကိုင်၍ အမည်း စွန်းထင်ခြင်း ၊ ပုစွန်စိပ် ကိုင်၍ အညှီနံ့ စွဲခြင်း ၊ ကြက်ဥ/ဘဲဥပုပ်ကြောင့် အနံ့ စွဲကျန်ခြင်း ၊ ကြက်သွန်ဖြူနွှာ၍ အနံ့ စွဲခြင်း များအတွက် ဤနည်းအတိုင်း သန့်စင်နိုင်ပါတယ် ။

20. အလှူအိမ်မှာ ကြက်သွန်နီများ အခွံနွှာပေးပြီးနောက် ၊ ကြက်သွန်နီနံ့ စွဲမကျန် ရလေအောင် လက်ကို ဆားပျစ်ပျစ် ဖျော်၍ ပွတ်ခြင်း ၊ သွားတိုက်ဆေးဖြင့် ပွတ်ခြင်း ၊ ခရမ်းချဉ်သီး ထက်ခြမ်းခြမ်း၍ ပွတ်ခြင်း ၊ လိမ္မော်သီး စိပ်ဖြင့် ပွတ်ခြင်း ၊ အာလူး အခွံနွှာ၍ ပွတ်ခြင်း ၊ တရုပ် နံနံပင် လက်ထဲထဲ့ ချေပွတ်ခြင်း စသည်ဖြင့် ကြက်သွန်နီ နံ့များကို ချက်ချင်း ဆိုသလို ပြေပျောက်စေပါတယ် ။

21. ဆန်အိုးထဲမှာ ပိုးတည်ပြီဆိုရင် ၊ အမည်းရောင် ပိုးများ အပွား မြန်လာကာ ဆန်ကိုလည်း ပျက်စီး စေတတ်ပါတယ် ။ ပိုးဝင်နေတဲ့ ဆန်များကို ဖယ်ထုတ်ပြီး ဆန်အိုးရဲ့ အတွင်း အပြင်ကို ဆပ်ပြာရည်ဖြင့် စင်အောင်ဆေးပါ ။ ရေစင်အောင် နေပြင်းပြင်း ပြပြီး ကရဝေးရွက် ထည့်၍ အဖုံး လုံအောင် ဖုံးကာ အဲဒီ ကရဝေးရွက်များ တစ်ည ထည့်သိပ်ပါ ။ အိုးလုံးဝ သန့်စင်ပြီး နောက်ထပ် ဆန်ပိုး မတည်နိုင်တော့ပေ ။

Credit: အထွေထွေ ဗဟုသုတ ဖတ်စရာများ

Review

User Rating

1.7 (3 Votes)