အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်က သာမန်အချိန်တွေထက် အထူးသတိထား ဂရုစိုက်ပေးရမယ့် အချိန်ပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင် ကျန်းမာနေဖို့နဲ့ ဗိုက်ထဲက ရင်သွေးလေးလည်း ကျန်းမာနေဖို့အတွက် အစားအသောက်ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးကာ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

စာဖတ်သူအနေနဲ့ ဒီစာဖတ်နေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ထားရတယ်ဆိုရင်တော့ သင့်ပတ်ဝန်းကျင်က လူတိုင်းက သင့်ကို ဘယ်လိုအစားအစာတွေကတော့ စားသင့်တယ်၊ ဘယ်လိုအစားအစာတွေတော့ ရှောင်ကြဉ်သင့်တယ် စတဲ့ အကြံဉာဏ်တွေ ပေးနေမှာပဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာလည်း သင့်အတွက် ဘယ်လိုအသုံးဝင်မယ့် အကြံဉာဏ်တွေ ပေးသွားမလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

ဆေးသကြားနဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အချိုရည်တွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မဆိုထားနဲ့ ပုံမှန်အချိန်တွေမှာလည်း မသောက်သုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သစ်သီးဖျော်ရည်တွေကတော့…

ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်က ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကို လန်းဆန်းတက်ကြွနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ပန်းသီး ၂ လုံး၊ ၃ လုံးခန့်ကို အခွံခွာပြီးနောက် ပြုတ်လိုက်ပါ။ ထို့နောက် အအေးခံပြီးတဲ့အခါ သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရရှိလာတဲ့ ပန်းသီးအနှစ်များကို သံပုရာရည်အနည်းငယ်နဲ့ ရောနှောလိုက်ပါ။ ရေခဲသေတ္တာထဲ တစ်နာရီလောက် အအေးခံထားပြီးနောက် သောက်သုံးနိုင်ပါပြီ။

စပျစ်သီးဖျော်ရည်

စပျစ်သီး ၅၀၀ ဂရမ်ခန့်ကို ကြိတ်ချေလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲ ထည့်မွှေပေးလိုက်ပါ။ ရရှိလာတဲ့ စပျစ်သီးအရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားလိုက်ပါ။ ထို့နောက် သောက်ခါနီးကျမှ သံပုရာရည်အနည်းငယ်ရောနှောပြီးနောက် သောက်သုံးနိုင်ပါပြီ။

ပျားရည်နှင့် ငှက်ပျောသီးဖျော်ရည်

ငှက်ပျောသီးမှည့် တစ်လုံး၊ နွားနို့ အနည်းငယ်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သစ်သီးဖျော်စက်ထဲထည့်ပြီး ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် ရေခဲတုံးအနည်းငယ်ထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။

မာလကာသီးဖျော်ရည်

လတ်ဆတ်တဲ့မာလကာသီးဖျော်ရည်တစ်ခွက် ပြုလုပ်ဖို့အတွက်ဆိုရင် မာလကာသီး ၂ လုံး၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည်အနည်းငယ်နဲ့ ဂျင်းဖျော်ရည်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး မာလကာသီးကို မိနစ်အနည်းငယ်ကြာ ပြုတ်လိုက်ပါ။ ပြုတ်ပြီးသော မာလကာသီးကို အအေးခံပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ဂျင်းဖျော်ရည်နဲ့ သံပုယိုရည်တို့ကို ထပ်ပေါင်းထည့်ပြီး ရောမွှေပေးလိုက်ပါ။

ရရှိလာတဲ့ မာလကာသီးဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီး ရေခဲတုံးအနည်းငယ်ထည့်ကာ အရသာရှိရှိသောက်သုံးနိုင်ပါတယ်။

Source: stylecraze.com