ကိုယ်ဝန်ဆောင်မေမေများအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ နှစ်ဆပို ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ မိမိရဲ့ကျန်းမာရေးအတွက်သာမက မိမိဗိုက်ထဲက ကလေးလေးလည်း ကျန်းမာနေစေဖို့ အနေအထိုင်၊ အစားအသောက် အစစအရရ သတိထားဆင်ခြင်ရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သေသေချာချာဂရုစိုက်မှသာ မီးဖွားပြီးချိန်မှာလည်း မိခင်ရော ကလေးပါ ကျန်းမာမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွှတ်အောင် ဘယ်လိုသစ်သီးဖျော်ရည်တွေ သောက်သုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည် ဖျော်သောက်ဖို့အတွက် ပန်းသီး ၂ လုံး (သို့) ၃ လုံး၊ သံပုရာရည်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ ပန်းသီးကို အခွံခွာပြီး အစေ့များဖယ်ထုတ်လိုက်ပါ။ ပန်းသီးကို ပြုတ်ပြီးနောက် အအေးခံထားလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။

ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက် သံပုရာရည်နဲ့ ရောမွှေလိုက်ပါ။ တစ်နာရီခန့် ရေခဲသေတ္တာထဲထည့်ထားပြီး အအေးခံထားပြီးနောက် အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

မာလကာသီးဖျော်ရည်

မာလကာသီးဖျော်ရည်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမချုပ်အောင် ကူညီပေးနိုင်ပါတယ်။ လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ မာလကာသီး ၂ လုံး၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည်အနည်းငယ်နှင့် ဂျင်းရည် အနည်းငယ်တို့ လိုအပ်ပါမယ်။

အရင်ဦးဆုံး မာလကာသီးကို ပြုတ်လိုက်ပါ။ မိနစ်အနည်းငယ်ကြာ အအေးခံပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။ ဂျင်းရည်နှင့် သံပုယိုရည်တို့ ထပ်ထည့်ပြီး ထပ်ဖျော်ပေးလိုက်ပါ။ သမအောင် မွှေပြီးသွားတဲ့အခါမှာတော့ ဖန်ခွက်ထဲ ပြောင်းထည့်ပြီး ရေခဲတုံးထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

စပျစ်သီးဖျော်ရည်

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ စပျစ်သီး ၅၀၀ ဂရမ်၊ သံပုရာသီးစိတ် အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ စပျစ်သီးကို အနှစ်လေးများဖြစ်သွားအောင် ကြိတ်ချေလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ပြီး မွှေပေးလိုက်ပါ။

ရရှိလာတဲ့ စပျစ်ရည်များကို ဖန်ခွက်ထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲထည့်ကာ အအေးခံလိုက်ပါ။ အတန်အသင့်အေးသွားပြီဆိုပါက သံပုယိုသီးစိတ်လေးကို စပျစ်ရည်ထဲထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

ငှက်ပျောသီးနှင့် ပျားရည်

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ ငှက်ပျောသီးမှည့်တစ်လုံး၊ နွားနို့ ၁၂၅ မီလီလီတာ၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သစ်သီးဖျော်စက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

ငှက်ပျောသီးအတုံးအခဲများ အရည်အဖြစ် အကုန်အစင် ပြောင်းလဲသွားပါက ဖန်ခွက်ထဲထည့်ပြီးနောက် ရေခဲတုံးများထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

Source: Stylecraze.com