လက်ဖက်ခြောက်အိတ်လေး စိမ်ပြီး ရေနွေးကြမ်းသောက်ခြင်းအားဖြင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ နှလုံးအားကောင်းစေခြင်း၊ LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးခြင်း၊ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေးဖိအားကို လျော့ကျ စေခြင်းနှင့် သွေးတွင်းသကြားဓာတ် လျော့ချပေးခြင်းတို့ပဲဖြစ်ပါတယ်။

ထိုလက်ဖက်ခြောက်အိတ်လေးတွေက သင့်ကျန်းမာရေးအတွက်သာမက သင့်မီးဖိုချောင်အတွက်လည်း ဘက်စုံအသုံးဝင်ပါတယ်။ သုံးပြီးသားလက်ဖက်ခြောက်အိတ်ကို မလွှင့်ပစ်ဘဲ မီးဖိုချောင်အတွက် အကျိုးရှိအောင် ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဆက်လက် ဖော်ပြပေးချင် ပါတယ်။

ရေခဲသေတ္တာထဲရှိ အနံ့အသက်ဆိုးများကို ဖယ်ရှားပေးခြင်း

ရေခဲသေတ္တာထဲမှာ အစားအစာမျိုးစုံ သိမ်းဆည်းထားတတ်တဲ့အတွက်ကြောင့် အနံ့မျိုးစုံ ခိုအောင်းနေတတ်ပါတယ်။ ထိုအနံ့ဆိုးတွေကို ဖယ်ရှားဖို့အတွက် မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်သလို ဘူးအလွတ်တစ်လုံးထဲမှာ အသုံးပြုပြီးသားလက်ဖက်ခြောက်အိတ်များ စုထည့်ထားပြီး ထိုဘူးကို အဖုံးဖွင့်လျက်သားဖြင့် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ အောက်သိုးသိုးအနံ့အသက်များက တမဟုတ်ချင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

အိုးခွက်ပန်းကန်များ သံချေးတက်ခြင်းမှ ကာကွယ်ပေးခြင်း

လက်ဖက်ခြောက်ထဲတွင် သဘာဝဆိုးဆေးပါဝင်တဲ့အတွက်ကြောင့် အိုးခွက်ပန်းကန်များ သံချေးတက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ အိုးခွက်ပန်းကန်တွေ ဆေးကြောပြီးတဲ့အခါ စိုစွတ်နေတဲ့ အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ဖြင့် ထပ်မံပွတ်တိုက်ပေးရုံပါပဲ။

အသးများကို နူးအိစေဖို့အတွက် ကူညီပေးခြင်း

လက်ဖက်ခြောက်ထဲမှာ ပါဝင်တဲ့ သဘာဝဆိုးဆေးက သံချေးတက်ခြင်းမှ ကာကွယ်ပေးနိုင်သလို အသားများ နူးအိဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ မိမိချက်ပြုတ်မယ့် အသားများကို လက်ဖက်ခြောက်အိတ်ဖြင့် တစ်ညခန့် စိမ်ပေးထားလိုက်ပါ။ အချိန်အကြာကြီး ချက်ပြုတ်စရာမလိုဘဲ အချိန်တိုအတွင်း နူးအိတဲ့အသားကို ပြင်ဆင်ချက်ပြုတ်နိုင်ပါလိမ့်မယ်။

ဆီတွေ အိုင်ထွန်းပြီး ဆီကြောင့် ချွဲကျိပြီး ဆေးရခက်တဲ့ပန်းကန်တွေကို လက်ဖက်ခြောက်အိတ်ဖြင့် အလွယ်တကူဆေးကြောနိုင်ခြင်း

သင့်ရဲ့ဘေစင်ထဲသို့ ရေနွေးနွေး ထည့်ထားလိုက်ပါ။ ထို့နောက် အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ် ၂ အိတ်၊ ၃ အိတ် ခန့် ထည့်စိမ်ထားပါ။ ထို့နောက် ဆီကြောင့် ချွဲကျိနေသော ပန်းကန်များထည့်ကာ တစ်ညခန့် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းလာတဲ့အခါ အလွယ်တကူဆေးကြောနိုင်ပါလိမ့်မယ်။

မွှေးကြိုင်တဲ့ ဟင်းလျာတစ်ခွက် ချက်ပြုတ်နိုင်အောင် ကူညီပေးခြင်း

ခေါက်ဆွဲပြုတ်နှင့် အခြားသောအစေ့အဆံများ ပြုတ်တဲ့အခါ လက်ဖက်ခြောက်အိတ် ထည့်ပြုတ်ပေးလိုက်ခြင်းအားဖြင့် ရနံ့သင်းပျံ့နေတဲ့အစားအစာတစ်ခု ရရှိနိုင်ပါတယ်။

Source: Delish.com