ဒီလို ပူအိုက်တဲ့ နွေရာသီအချိန်မှာ ရေဓာတ်ကုန်ခမ်းမှုမဖြစ်စေရအောင် ရေကိုအမြဲသောက်သုံးနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အချို့သူများက အရသာမရှိလို့ဆိုပြီး ရေသောက်ဖို့ကို ငြင်းဆန်ချင်ကြပါတယ်။

ဒါကြောင့် ရိုးရိုးရေပဲသောက်နေတာထက် ကျန်းမာရေးအတွက်လည်း အကျိုးရှိမယ့် Water Detox လေးတွေကိုလည်း သောက်သုံးနိုင်ဖို့အတွက် Water Detox ငါးမျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပန်းသီး သစ်ကြံပိုးခေါက်ရေ

အိပ်ရာမဝင်ခင် ပန်းသီးကို အခွံမခွာဘဲ အစိတ်စိတ်လေးတွေလှီးပြီး သစ်ကြံပိုးခေါက်နှစ်ချောင်းနှင့်အတူ ခရားထဲထည့်ပါ။ ရေထည့်ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ တစ်ညထားပါ။ နောက်နေ့မနက်ရောက်တဲ့အခါ ရေခဲတုံးလေးတွေထည့်ပြီး အရသာရှိရှိသောက်သုံးနိုင်ပါတယ်။

၂။ ပန်းသီး၊ သခွားသီး၊ ပူစီနံ နှင့် ရေ

သခွားသီးနှင့် ပန်းသီးတို့ကို အစိတ်သေးသေးလေးတွေ လှီးပြီး ပူစီနံခြောက်ရွက်လောက်ကို ကြိတ်ပြီးအရည်ညှစ်ပါ။ ထိုပါဝင်ပစ္စည်းသုံးမျိုးကို ရေထည့်ထားတဲ့ ခရားထဲရောပေးပြီး တစ်ညအအေးခံပါ။ မနက်ရောက်သည့်အခါ တစ်ခွက်အပြည့်သောက်သုံးနိုင်ပါပြီ။

၃။ ဂရိတ်ဖရုရေ

ဂရိတ်ဖရုတစ်လုံးကို အခြမ်းလေးတွေလှီးပြီး ခရားထဲထည့်ကာ ရေဖြည့်ပါ။ တစ်ညလုံး ရေခဲသေတ္တာထဲ အအေးခံပြီးရင် နောက်နေ့မှာ သောက်သုံးနိုင်ပါတယ်။ အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်လို့ အားကစားလုပ်ပြီးချိန် သောက်သုံးဖို့ အထူးသင့်တော်ပါတယ်။

၄။ စတော်ဘယ်ရီနှင့် သရက်သီး ရေ

လက်ဆတ်တဲ့ သရက်သီး၊ စတော်ဘယ်ရီသီးတို့ကို အစိတ်လေးတွေစိတ်ပြီး ခရားထဲထည့်၊ ရေဖြည့်ပြီး ၄ နာရီ စိမ်ထားပါ။ အချိန်ပြည့်လျှင် ရေခဲတုံးလေးတွေနဲ့ ရောစပ်ပြီး သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရနိုင်ပါတယ်။

၅။ သခွားသီး၊ နံနံပင်၊ တရုတ်နံနံ၊ ရေ

ခရားထဲတွင် သခွားသီး၊ နံနံပင်၊ တရုတ်နံနံတို့ကို စိတ်ပိုင်းထည့်ပြီး ရေဖြည့်ပါ။ လေးနာရီကြာအအေးခံထားပြီးလျှင် အရသာရှိရှိ သောက်သုံးပေးနိုင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီး ဖြစ်ထွန်းနိုင်လို့ သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။