သင်က သွားပိုးစားမှာ ကြောက်လို့ အချိုဓာတ်လျော့ချချင်သူလား။ ဝိတ်တက်မှာကြောက်လို့ သကြားစားသုံးမှုပမာဏကို လျော့ချချင်နေပြီလား။ ဒါမှမဟုတ် အချိုကြိုက်ပေမယ့် ဆီးချိုရောဂါရှိလို့ အချိုရှောင်နေရတာလား။

ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် သစ်သီးလေးတွေက သကြားပါဝင်မှု နည်းပါးတဲ့အတွက်ကြောင့် အချိုဓာတ်လျော့ချချင်သူတွေအတွက် အသင့်တော်ဆုံးသစ်သီးလေးတွေပဲဖြစ်ပါတယ်။

သံပုယိုသီးနှင့် သံပုရာသီးများ

ဗီတာမင်စီကြွယ်ဝတဲ့အတွက်ကြောင့် သံပုယိုသီးနှင့် သံပုရာသီးက အချဉ်ဓာတ်ပေါများတဲ့အသီးတွေအဖြစ် နာမည်ကြီးပါတယ်။ သူတို့မှာ သကြားဓာတ်က နည်းနည်းလေးပဲပါဝင်တာပါ။ သံပုယိုသီး (သို့) သံပုရာသီးတစ်လုံးမှာ သကြားဓာတ် ၁ ဂရမ်၊ ၂ ဂရမ် လောက်သာပါဝင်တာပါ။ ဝိတ်ကျချင်သူများအနေနဲ့ သံပုရာရည်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးနိုင်ပါတယ်။

စတော်ဘယ်ရီသီးများ

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

စတော်ဘယ်ရီသီးတွေက ချိုရဲပြီး အရသာရှိလွန်းတာကြောင့် သကြားဓာတ်ပါဝင်မှု များပြားမယ်လို့ ထင်ရင်တော့ သင် မှားသွားပါလိမ့်မယ်။ စတော်ဘယ်ရီသီး တစ်ဖန်ခွက်ခန့်ထဲမှာ သကြား ၇ ဂရမ်ပဲ ပါဝင်တာကြောင့် ဗီတာမင် စီဓာတ် ချို့တဲ့နေသူများ နေ့စဉ်မှန်မှန် မှီဝဲသင့်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

ကီဝီသီးများ

ကီဝီသီးကို အချို့ကလည်း ဘယ်ရီသီးအမျိုးအစားထဲ ထည့်ထားပြီး ဘယ်ရီသီးအမျိုးအနွယ်ဝင်လို့ သတ်မှတ်ကြပါတယ်။ သူတို့မှာ ဗီတာမင်စီဓာတ်ကြွယ်ဝပြီး သကြားပမာဏလည်း နည်းပါးပါတယ်။ မတူညီတဲ့ရာသီဥတုနဲ့ နေရာအနှံ့မှာ စိုက်ပျိုးကြတဲ့အတွက်ကြောင့် ကီဝီသီးကို တစ်နှစ်ပတ်လုံး လှိုင်လှိုင်စားသုံးနိုင်ပါတယ်။

ထောပတ်သီးများ

ထောပတ်သီးက ဆိမ့်သက်တဲ့အရသာရှိတဲ့အတွက်ကြောင့် သကြားဓာတ်ပါဝင်မှု များပြားမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ထောပတ်သီးတစ်လုံးမှာ သကြားပမာဏ ၁ ဂရမ်ပဲ ပါဝင်တာဖြစ်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ သဘာဝအဆီဓာတ်က ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ဗိုက်မြန်မြန်ပြည့်အောင် ကူညီပေးနိုင်ပါတယ်။

လိမ္မော်သီးများ

ဝိတ်ချချင်သူတွေအနေနဲ့ ကယ်လိုရီပမာဏကို တွက်ချက်စားသုံးတဲ့အခါ ကယ်လိုရီပမာဏ နည်းပါးစွာပါဝင်တဲ့ လိမ္မော်သီးကို နံပါတ်တစ်ဦးစားပေးအနေနဲ့ စားသံးပေးသင့်ပါတယ်။ လိမ္မော်သီးတစ်လုံးမှာ ၇၀ ကယ်လိုရီထက် ပိုမပါဝင်နိုင်ပါဘူး။ သကြားဓာတ်ကလည်း ၁၂ ဂရမ် လောက်သာ ပါဝင်တာဖြစ်ပါတယ်။

ဖရဲသီး

နွေရာသီမှာ စားသုံးသင့်တဲ့ သစ်သီးကတော့ အရည်ရွှမ်းတဲ့ ဖရဲသီးပဲဖြစ်ပါတယ်။ ဖရဲသီးတစ်လုံးမှာ သကြားဓာတ် ၁၀ ဂရမ်ထက် လျော့နည်းပြီးသာ ပါဝင်ပါတယ်။ ဖရဲသီးက ရေဓာတ်ကြွယ်ဝတဲ့အပြင် သံဓာတ်လည်း ပေါများစွာပါဝင်ပါတယ်။

Source: healthline.com