အကင် ကင်တဲ့အခါ မီးသွေးနဲ့ပဲ ကင်ကင်၊ ဂတ်စ်မီးဖိုနဲ့ပဲ ကင်ကင် အရသာထူးကဲကောင်းမွန်တဲ့ အကင်တွေ ရရှိဖို့က အဓိကပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်က ကျွမ်းကျင်စားဖိုမှူးတွေလိုမျိုး ကင်နေကျမဟုတ်ဘဲ အမှားတချို့ ပြုလုပ်မိတတ်ပါတယ်။ အဲ့ဒီအခါ ကိုယ့်ရဲ့အကင်က တူးသွားတာမျိုး၊ အရသာပျက်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။

ဒါဆိုရင် အကင် ကင်တဲ့အခါ အကင်ရဲ့အရသာမပျက်ယွင်းဖို့အတွက် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အကင်ပြားကို သန့်ရှင်းရေး မလုပ်ခြင်း

တစ်ခါ အကင်လုပ်စားပြီးတာနဲ့ အကင်ပြားနဲ့ မီးဖိုကို တစ်ခါတည်း သန့်ရှင်းရေးလုပ်ပေးရပါမယ်။ အကင်ပြားက ညစ်ပတ်နေမယ်ဆိုရင် အကင်ထပ်ကင်တဲ့အခါ အကင်ပြားမှာ ကပ်နေတဲ့ အမှုန်အမွှားတွေက အသားထဲ စိမ့်ဝင်သွားနိုင်ပါတယ်။

အကင်မီးဖိုကို အဖုံးဖွင့်ထားခြင်း

ကင်တယ်ဆိုတာက မီးအပူချိန်ပြင်းပြင်းနဲ့ ကင်ရပါတယ်။ အဖုံးပိတ်ထားမယ်ဆိုရင်တော့ အပူချိန်က ကွတ်တိဖြစ်သွားပါတယ်။ တကယ်လို့ အဖုံးဖွင့်ထားမယ်ဆိုရင်တော့ လိုသလောက်အပူချိန်ကို ရမှာမဟုတ်တဲ့အပြင် မီးဖိုထဲက ပြာမှုန့်တွေကလည်း အသားမှာ ကပ်နေနိုင်ပါတယ်။

အေးနေသော အစားအစာများကို ကင်ခြင်း

အကင် ကင်ခြင်းက မြန်မြန်ဆန်ဆန် ချက်ပြုတ်ရတာပဲဖြစ်ပါတယ်။ ရေခဲသေတ္တာထဲက အခုမှ ထုတ်လာတဲ့ အစားအစာတွေက အေးခဲနေတာကြောင့် အကျက်နှေးတတ်ပါတယ်။ ဒါ့ကြောင့် ကင်မယ့်အသားနဲ့ အခြားအစားအစာတွေကို အပြင်သို့ ကြိုတင်ထုတ်ထားပေးလိုက်ပါ။

စောစီးစွာ အချဉ်ဆမ်း၍ ကင်ခြင်း

အချဉ်ဆမ်းတဲ့အခါ မီးဖိုပေါ်က ချခါနီး နှစ်မိနစ်လောက် အလိုမှ အချဉ်ဆမ်းပေးလိုက်ပါ။ စောစီးစွာ အချဉ်ဆမ်းမယ်ဆိုရင် အသားကောင်းကောင်းကျက်မှာ မဟုတ်တော့ပါဘူး။

မီးသွေးတုံးများကို ဖြစ်သလို ထည့်ထားခြင်း

မီးသွေးခဲတွေကို သေသေချာချာမထည့်ဘဲ ဖြစ်သလို ထည့်ထားမယ်ဆိုရင် မီးများသွားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သင့်အကင်က တူးနိုင်ချေများပါတယ်။

အကင်မီးဖိုပေါ်တွင် အကင်ချောင်းများကို ပြည့်နှက်နေအောင်  ကင်ခြင်း

အကင်မီးဖိုကို ၃၀ ရာခိုင်နှုန်းခန့် အလွတ်ထားပေးလိုက်ပါ။ ဒါမှ ကျက်ပြီးသား အကင်ချောင်းတွေကို မီးအေးအေးနဲ့ ဆက်ကင်ထားလို့ရမှာပဲဖြစ်ပါတယ်။

Source: Thespruceeats.com