အပူပိုင်းဇုန်ရှိ ဒေသများတွင် အများဆုံးစိုက်ပျိုးတဲ့ မာလကာသီးက ရေဓာတ်ပါဝင်မှု များပြားပြီး အဆီဓာတ်၊ ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ နည်းပါးစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အသီးတစ်မျိုးလို့ ပြောလို့ရပါတယ်။

အနောက်တိုင်းနိုင်ငံတွေမှာတော့ ဟင်းရွက်သုပ် လုပ်စားတဲ့အခါ မာလကာသီးကို မဖြစ်မနေ ထည့်သုပ်လေ့ရှိကြပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုပေမယ့်လည်း ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အစေ့များတဲ့ မာလကာသီးကို စားသင့် မစားသင့် ဒွိဟဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေး ဖတ်ပြီးတဲ့အချိန်မှာတော့ ကိုယ်ဝန်ဆောင် မိခင်များအတွက် မာလကာသီးက ဘယ်လိုကောင်းကျိုးတွေ ဆောင်ကျဉ်းပေးနိုင်သလဲဆိုတာ သိရှိသွားပါလိမ့်မယ်။

Source: Stylecraze.com

၁။ ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားသုံးပေးခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါကို ခံစားရမှာမဟုတ်ပါဘူး။

၂။ မာလကာသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သားပျက်၊ သားလျှောခြင်း၊ သတ်မှတ်ရက်ထက် စောလျှင်စွာ မီးဖွားခြင်း စတဲ့ ပြဿနာများကို ဖယ်ရှင်းပေးနိုင်ပါတယ်။

၃။ မာလကာသီးကို နည်းနည်းချင်းစီ ကိုက်စားခြင်းက သွေးအားနည်းခြင်းမှ ကာကွယ်ပေးပါတယ်။ မာလကာသီးထဲမှာ ခန္ဓာကိုယ်တွင်းရှိ ဟေမိုဂလိုဘင်ပမာဏများကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်များ ပါဝင်လို့ပဲဖြစ်ပါတယ်။

၄။ မာလကာသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရလေ့ရှိတဲ့ ရောဂါဝေဒနာများဖြစ်တဲ့ သွားကိုက်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း စတဲ့ရောဂါများ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Source: Medibank.com.au

၅။ မာလကာသီးက အစာခြေစနစ်ကို ကောင်းမွန်စေပါသေးတယ်။ ကိုယ်ဝန်ဆောင်မိခင်တော်တော်များများက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တတ်လေ့ရှိတယ်လို့ မကြာခဏ ညည်းညူတတ်ကြပါတယ်။ မာလကာသီးကို အစေ့ပါ စားသုံးပေးမယ်ဆိုရင်တော့ ဝမ်းချုပ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။

၆။ မာလကာသီးထဲမှာ ဗီတာမင် စီ၊ ဗီတာမင် အီး၊ Carotenoids ၊ Polyphenols နဲ့ အခြားသော အာဟာရဓာတ်များ ပါဝင်တာကြောင့် ပြင်ပမှ ရောဂါပိုးမွှားများ ခန္ဓကိုယ်ထဲသို့ ဝင်ရောက်မလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော မီးဖွားပြီးချိန်မှာပါ ကျန်းမာရေးကောင်းနေစေမှာပဲဖြစ်ပါတယ်။

၇။ ကိုယ်ဝန်ဆောင်မိခင်များက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တက်နေတာကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သားများနဲ့ အာရုံကြော်များက တောင့်တင်းနေတတ်ပါတယ်။ မာလကာသီးထဲမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်က ကြွက်သားနဲ့ အာရုံကြောများ တင်းမာနေမှုကို ပြေလျော့ပေးစေပါတယ်။

အကောင်းနဲ့ အဆိုးက အမြဲတမ်း ဒွန်တွဲနေတယ်ဆိုတဲ့အတိုင်းပဲ ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီးစားသုံးမယ်ဆိုရင် အထက်ပါ ဖော်ပြခဲ့တဲ့ ကောင်းကျိုးများ ခံစားရနိုင်သလို အလွန်အကျွံ စားသုံးခြင်း (သို့) မမှည့်သေးသော မာလကာသီးများ စားသုံးခြင်းကြောင့် ဆိုးကျိုးအချို့လည်း ခံစားရနိုင်ပါသေးတယ်။

Source: Parenting.firstcry.com

၁။ မာလကာသီးမှာ အမျှင်ဓာတ်များပြားစွာပါဝင်တာကြောင့် အလွန်အကျွံစားသုံးမိမယ်ဆိုရင်တော့ မကြာခဏ ဝမ်းသွားတတ်ပါတယ်။ မကြာခဏဝမ်းသွားခြင်းက အားအင်များ ကုန်ခမ်းစေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။

၂။ မမှည့်သေးသော မာလကာသီးများ စားသုံးခြင်းက သွားကိုက်ခြင်း ဝေဒနာကို ခံစားရနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွားနှင့် သွားဖုံးရောဂါ မခံစားရအောင် အထူးသတိပြုပေးရပါမယ်။

မာလကာသီးတစ်ခုတည်းတင်မဟုတ်ပါဘူး။ အခြားသော အစားအစာများကိုလည်း လိုတာထက်ပိုပြီး စားသုံးမိမယ်ဆိုပါက ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်တာကြောင့် အလယ်အလတ်ပမာဏလောက်သာ စားသုံးခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မာလကာသီး စားသင့် မစားသင့်ကို ဗဟုသုတအနေနဲ့ သိရှိနားလည်သွားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။