လူကြိုက်အများဆုံး ဟင်းသီးဟင်းရွက်တစ်ခုကိုပြောပါဆိုရင် ကန်စွန်းရွက်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ကန်စွန်းရွက်က ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးဆိုလည်း မမှားပါဘူး။ ကန်စွန်းရိုးရော ကန်စွန်းရွက်ရောက စားသုံးသူတွေအတွက် အထောက်အကူပြုနိုင်တဲ့ စားစရာတစ်မျိုးပဲဖြစ်ပါတယ်။

ကန်စွန်းရွက်ကို စားသုံးသင့်တဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ အသေးစိတ်သိရှိနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် ကောင်းကျိုးလေးတွေကို ဆက်လက်ဖတ်ရှုလိုက်ရအောင်။

ကိုလက်စထရောပမာဏကို လျော့ချပေးခြင်း

ကန်စွန်းရွက်က ကိုလက်စထရောပမာဏကို လျော့ချချင်သူတွေအတွက်ရော ဝိတ်ကျချင်သူတွေအတွက်ပါ အသင့်တော်ဆုံးဖြစ်တဲ့ အစားအသောက်တစ်ခုပဲဖြစ်ပါတယ်။ ကြွက်များကို လေ့လာစမ်းသပ်ထားတဲ့ သုတေသနလေ့လာချက်များအရ ကန်စွန်းရွက်စားသုံးခြင်းက Triglycoside ကို လျော့ချပေးနိုင်သလို ကိုလက်စထရောပမာဏကိုလည်း လျော့ချပေးနိုင်တာကြောင့် ဝိတ်ကျချင်သူများ စားသုံးနိုင်ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ကန်စွန်းရွက်ထဲမှာ ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ Beta-Carotene ဓာတ်တို့ မြင့်မားစွာ ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်များက ကိုလက်စတောပမာဏ မြင့်မားခြင်းကို လျော့ချပေးတဲ့အပြင် သွေးကြောပိတ်ခြင်း၊ သွေးကြောခဲခြင်းနဲ့ နှလုံးရောဂါခံစားရခြင်းတို့မှ ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

မျက်လုံးအားကောင်းစေခြင်း

မျက်စိကျန်းမာရေးအတွက် ဗီတာမင်အေ၊ Carotenoids နဲ့ Lutein ဓာတ်တို့က မရှိမဖြစ်လိုအပ်ပါတယ်။ ကန်စွန်းရွက်ထဲမှာ ထိုအာဟာရဓာတ်အားလုံးပါဝင်ပါတယ်။ ဟင်းနုနွယ်တစ်ခုတည်းကပဲ မျက်လုံးအားကောင်းစေတာမဟုတ်ဘဲ ကန်စွန်းရွက်စားသုံးခြင်းကလည်း မျက်စိအားကောင်းစေမှာပဲဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း

အာဟာရဓာတ်တွေ များပြားစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေက ဈေးလည်း မကြီးတဲ့အပြင် ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို နေ့စဉ်ပုံမှန်စားသောက်ပေးခြင်းက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် အရိုးများ ကြံ့ခိုင်သန်မာလာစေမှာပဲဖြစ်ပါတယ်။

အစာမကြေဖြစ်ခြင်းနဲ့ ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေခြင်း

ကန်စွန်းရွက်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် အစာကြေဖို့အတွက် ကူညီပေးပြီး လေထိုးလေအောင့်ခြင်း အစာမကြေဖြစ်ခြင်းတို့ကို သဘာဝအတိုင်း သက်သာပျောက်ကင်းစေပါတယ်။ ကန်စွန်းရွက်ကို အရည်ဖျော်သောက်မယ်ဆိုရင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းထဲမှာ ကပ်ပါးကောင်များ ကပ်ငြိနေခြင်းကိုလည်း ဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။

Source: stylecraze.com