ဆီးချိုရောဂါခံစားနေရပြီဆိုတာကို သိလိုက်တာနဲ့တစ်ပြိုင်နက် ကိုယ် စားသုံးမယ့် အစားအစာ၊ သောက်သုံးမယ့် ဖျော်ရည် အစစအရာရာ သတိကြီးကြီးထားရပါတော့မယ်။ သင့် အစာအိမ်က ချေဖျက်ပေးလိုက်တဲ့ ကာဗိုဟိုက်ဒြိုက်ပမာဏကို သိထားရမယ့်အပြင် ထိုကာဗိုဟိုက်ဒြိုက်က သွေးတွင်းသကြားဓာတ်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ် ဆိုတာကိုလည်း သိထားသင့်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဆီးချိုတိုက်ဖျက်ရေး အဖွဲ့အစည်းက ဆီးချိုသမားတွေကို ကယ်လိုရီ လုံးဝမပါဝင်တဲ့ ဖျော်ရည်များကိုသာ သောက်သုံးကြဖို့ အကြံပေးထားပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဖျော်ရည်ကို ရွေးချယ်သောက်သုံးမှသာလျှင် ဘေးဥပဒ်ဖြစ်စေတဲ့ ဆိုးကျိုးတွေကို ရှောင်ကြဉ်နိုင်မှာပဲဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်လိုဖျော်ရည်တွေ သောက်သုံးရမလဲ။

ရေ

ရေဓာတ်ပြည့်ဝနေဖို့အတွက်ဆိုရင်တော့ ရေသောက်သုံးတာ အကောင်းဆုံးပါပဲ။ ရေသောက်သုံးမှသာလျှင် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးမှာပဲဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားလာခြင်းက ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

လုံလောက်တဲ့ရေပမာဏကို သောက်သုံးမှသာလျှင် ခန္ဓာကိုယ်ထဲက ကလူးကို့စ်ဓာတ်ကို ဆီးကနေတစ်ဆင့် ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ရေသောက်တဲ့အခါ ရိုးရိုးရေမသောက်ချင်ဘဲ အရသာရှိတဲ့ရေသောက်သုံးချင်တယ်ဆိုရင်တော့ သံပုယိုသီးစိပ်၊ သံပုရာသီးစိပ်နဲ့ လိမ္မော်သီးစိပ်တို့ကို ထည့်ပေးနိုင်ပါတယ်။

ရေနွေးကြမ်း

သုတေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ရေနွေးကြမ်းသောက်သုံးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဘေးဥပဒ်ဖြစ်စေတဲ့ ကိုလက်စတောပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။ လက်ဖက်ခြောက်အမဲကိုပဲ စိမ်သောက်သောက်၊ လက်ဖက်စိမ်းပဲ သောက်သောက်၊ ဆေးဖက်ဝင်တဲ့ လက်ဖက်ခြောက်ပဲသောက်သောက် အချိုဓာတ်ပါဝင်တာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ ကာဖိန်းဓာတ်ပါဝင်မှုကိုလည်း မမှုဘူးဆိုရင်တော့ စံပယ်နံ့သင်းတဲ့ လက်ဖက်စိမ်း ရေနွေးကြမ်းကို သောက်သုံးပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက် ဖျော်ရည်များ

ခရမ်းချဉ်သီးဖျော်ရည်၊ သခွားသီးဖျော်ရည်၊ တရုတ်နံနံဖျော်ရည် စတဲ့ သဘာဝဖျော်ရည်တွေက ကျန်းမာရေးနဲ့ ညီညွှတ်တာကြောင့် ဆီးချိုသမားများအတွက် အသင့်တော်ဆုံး ဖျော်ရည်လေးတွေပဲဖြစ်ပါတယ်။

အဆီဓာတ်နည်းတဲ့ နွားနို့

နို့နဲ့ နို့ထွက်ပစ္စည်းတွေက သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပေမယ့် တစ်ချိန်တည်းမှာပဲ ကာဗိုဟိုက်ဒြိုက်ဓာတ်ကိုလည်း တိုးမြှင့်ပေးပါသေးတယ်။ ဒါ့ကြောင့် သောက်သုံးမယ်ဆိုရင် အဆီထုတ်ထားတဲ့နွားနို့၊ အဆီဓာတ်နည်းတဲ့နွားနို့တို့ကို သောက်သုံးပါလို့ပဲ အကြံပြုချင်ပါတယ်။

ရှောင်ကြဉ်သင့်တဲ့ ဖျော်ရည်များ

Soda Straw

ဆီးချိုသမားများအနေနဲ့ မသောက်သုံးသင့်တဲ့ ဖျော်ရည်တွေကတော့ အချိုဓာတ်လွန်ကဲတဲ့ ဆိုဒါဖျော်ရည်များ၊ စွမ်းအားဖြည့် အချိုရည်များ၊ အချိုဓာတ် လွန်ကဲစွာပါဝင်တဲ့ သစ်သီးဖျော်ရည်များနဲ့ အရက် ဘီယာတို့ပဲဖြစ်ပါတယ်။ ထိုဖျော်ရည်များကတော့ သင့် ကျန်းမာရေးအတွက် အဆိုးရွားဆုံး တရားခံတွေပဲဖြစ်ပါတယ်။

Source: healthline.com