ဝမ်းမှန်မှန်မသွားလို့ မအီမသာဖြစ်နေပြီး စိတ်ညစ်နေရပြီလား။ ဒီလိုဝမ်းချုပ်နေခြင်းက သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ်နည်းပါးနေလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာများ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဖျော်ရည်များကို သောက်သုံးသင့်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ဖျော်ရည်များက သင့်ရဲ့ခန္ဓာကိုယ်ကို ရေဓာတ်များ ဖြည့်တင်းပေးပြီး ဝမ်းမှန်စေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်နေသူတွေအတွက် ဝမ်းမှန်စေမယ့် အစားအစာများကို ဖော်ပြပေးလိုက်ရပါတယ်။

သစ်တော်သီးဖျော်ရည်

သစ်တော်သီးဖျော်ရည် ဖျော်သောက်ဖို့အတွက် သစ်တော်သီး ၂ လုံး၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ဆားအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ သစ်တော်သီးကို အခွံခွာပြီး အနေတော်အတုံး တုံးထားကာ သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။

ရရှိလာတဲ့သစ်တော်သီးအနှစ်များကို ဖန်ခွက်ထဲ ပြောင်းထည့်ပြီး သံပုရာရည်၊ ဆားတို့နဲ့ ရောမွှေပေးလိုက်ပါ။ သမအောင် မွှေပြီးတဲ့နောက်မှာ သောက်သုံးပေးလို့ရပါပြီ။

ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည် ပြုလုပ်ဖို့အတွက် ပန်းသီး တစ်လုံး၊ စမုန်စပါးအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ရေ ၁၂၅ မီလီလီတာတို့ လိုအပ်ပါတယ်။ ပန်းသီးကို အစေ့ဖယ်ထုတ်ပြီး အနေတော်အတုံးတုံးထားပါ။ ထို့နောက် ပန်းသီးကို သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။ ရေထည့်ပြီး ထပ်မွှေပေးရပါမယ်။

ရရှိလာတဲ့ ပန်းသီးဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် သံပုရာရည်ထည့်ကာ သမအောင် ထည့်မွှေပေးလိုက်ပါ။ စမုန်စပါးအမှုန့်များ ထပ်ထည့်ပြီး မွှေပေးကာ သောက်သုံးပေးလိုက်ပါ။

လိမ္မော်ရည်

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ လိမ္မော်သီး ၁ လုံးနဲ့ ဆား အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ လိမ္မော်သီးကို အခွံခွာပြီးနောက် သစ်သီးဖျော်စက်ထဲ ထည့်မွှေလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲပြောင်းထည့်ပြီးနောက် ဆားထည့်ကာ သမအောင်မွှေလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိရှိ သောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။

သံပုယိုရည်

ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် သံပုယိုရည်ပြုလုပ်ဖို့အတွက် သံပုယိုသီးတစ်ခြမ်း၊ ရေနွေးနွေး ၂၅၀ မီလီလီတာ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဇီရာမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ လိုအပ်ပါလိမ့်မယ်။ ဖန်ခွက်တစ်လုံးထဲတွင် သံပုယိုရည်၊ ပျားရည်၊ ဇီရာမှုန့်နှင့် ရေနွေးတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ သေချာမွှေပြီးတဲ့နောက်မှာတော့ သောက်သုံးနိုင်ပါပြီ။

Source: Stylecraze.com

Featured Image Source: Stylecraze