Item Name: Sacred Fig (ဗောဓိညောင်ပင်)
Category: Raw Material
Botany Term: Ficus religiosa Linn
Species Family: Moraceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မျိုးစေ့ ၊ ပျံ့လွင့်ကျရောက်ရာ ဒေသတိုင်း၌ သဘာ၀ အလျောက် ပေါက်ရောက်သည်။

အပင်
အပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်ထိရှိသည်။ အခေါက် ညို၍ ပြောင်ချောသည်။ ကိုင်းများစွာ ဖြာပြီး အရွက်များ ဝေဆာစွာဖြင့် တွေ့ရ၏ ။ များသောအားဖြင့် အကိုင်းများမှ အမြစ်များ ထွက်ပေါက်လေ့ရှိ၏ ။ အပင်မှ ဖြူ၍ နို့ကဲ့သို့ ပျစ်ချွဲသော အစေးများ ထွက်၏ ။

အရွက်
ရွက်လွှဲထွက်သည်။ နှလုံးပုံ ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက် ကြော ၈ စုံ ခန့်ရှိ၍ ထင်ရှားသည်။ ရွက်ညှာ ၃-၄ လက်မ ရှည်သည်။ သေးသွယ်သည်။ ရွက်စွယ်သေးငယ်၍ ဘဲဥပုံရှိပြီး ထိပ်ချွန်သည်။

အပွင့်
အဖိုပွင့် ၊ အမပွင့် သီးခြားရှိသည်။ တန်ခူး ၊ ကဆုန်တွင်ပွင့်သည်။

အသီး
လုံးဝိုင်းသည်။ ရွက်ရင်းမှ ကပ်သီးသည်။ အစိမ်းရောင်ရှိသည်။ သဖန်းသီးကဲ့သို့ဖြစ်ပြီး အတွင်း၌ အပွင်းလေးများ ရှိသည်။ ကဆုန် ၊ နယုန်တွင် သီးသည်။

အသုံးဝင်ပုံ
အခေါက် ၊ အမြစ် ၊ အသီး ၊ အရွက် ၊ အစေး။

အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသော အရသာ ရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏ ။ ကြေ ခဲ၍ ခြောက်ကပ်၏ ။ ကိုယ်သားကိုယ်ရေ အရောင်အဆင်း ကို တောက်ပစေ၏ ။ သားအိမ်ကို သန့်ရှင်းစေ၏ ။ သည်းခြေ သလိပ်ကို နိုင်၏ ။ အပူ ၊ အနာပေါက် ၊ ပန်းနာ ၊ နူနာ ၊ ပလိပ် ၊ ဂရင်ဂျီနာ တို့ကို ပျောက်ကင်းစေ၏ ။ အသီးမှည့်သည် အေး၏ ။ နှလုံးကို အကျိုးပြု၏ ။ သွေးရောဂါ ၊ အဆိပ်အပူ သည်းခြေကြောင့် ဖြစ်သော ရောဂါ၊ အန်ခြင်း ၊ မြစ်ခြောက်နာ ၊ နှုတ်မမြိန်ရောဂါများကို ပျောက်စေ၏ ။ အရွက်သည် သွေးကို စင်ကြယ် စေ၏ ။ အခေါက်သည် ချုပ်၏ ။ ဝဖြိုးစေ၏ ။ အစေးသည် သွားနှင့် သွားဖုံးနာကျင် ကိုက်ခဲခြင်းကို ပျောက်စေ၏ ။

အခေါက်အသုံးပြုပုံ

၁။ အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏ ။
၂။ အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။

၃။ အနာဟောင်း ၊ အနာပျက်တို့၌ အခေါက်နုကို ပြာချ၍ ၎င်းပြာကို အဝတ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။
၄။ အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏ ။
၅။ ဗောဓိညောင်အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။

၆။ ညောင်ခေါက်ကို ပြာချ၍ ကာလသားရောဂါ ကြောင့်ဖြစ်သော လိင်နိမိတ်နာပေါ်၌ ဖြူးပေးသော် အနာများခြောက်၍ ပျောက်သွားမည်။
၇။ ညောင်ခေါက်ကို မီးလောင်နာ၊ နို့နာ ၊ မေးခိုင်နာ ၊ တိရစ္ဆာန်များ၌ ပိုးကျသောအနာများ ကုသသော ဆေးဖော်စပ်သုံး၏ ။

အသီးအသုံးပြုပုံ
၁။ အသီးခြောကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။

အရွက်အသုံးပြုပုံ
၁။ ယင်းအရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏ ။
၂။ အရွက်ကို ပေါင်ရင်းသွေးစုနာ ၊ သွေးလျှံသွေးကျနာ ၊ လျှာပါးစပ်ကွဲရောဂါတို့၌ သုံး၏ ။
၃။ အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။

အစေးအသုံးပြုပုံ
၁။ ညောင်စေးကို မီးယပ်ရောဂါ၌ သုံး၏ ။

အမြစ်အသုံးပြုပုံ
၁။ဗောဓိညောင်မြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏ ။
၂။ အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။
၃။ အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။

Credit: သုတရမျှဝေမယ်၊ မြန်မာ့ဆေးဖက်ဝင်အပင်များ