နှလုံးရောဂါက ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲတွင် LDL လို့ခေါ်တဲ့ မကောင်းတဲ့ကိုလက်စတောဓာတ်များ မြှင့်မားနေခြင်းက နှလုံးရောဂါကို ဖြစ်ပွားစေပါတယ်။ ဒီလိုမကောင်းတဲ့ကိုလက်စတောဓာတ်များ လျော့ကျနေဖို့အတွက်ဆိုရင်တော့ အစားအသောက်နဲ့ ထိန်းချုပ်ပေးရပါမယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာများကို စားသုံးမှသာလျှင် ကိုလက်စတောပမာဏမြင့်မားနေခြင်းကို လျော့ချပေးနိုင်ပြီး နှလုံးရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်မှာပါ။

ဒါ့ကြောင့် ဒီဆောင်းပါးလေးထဲမှာတော့ ကိုလက်စတောဓာတ် လျော့ချပေးမယ့် အစားအစာတွေအကြောင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ဖက်တိအက်စစ်နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးအားကောင်းစေပြီး ကိုလက်စတောပမာဏကို လျော့ချပေးပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ LDL ကိုလက်စတောများ မြှင့်မားနေပြီး အဝလွန်နေတဲ့ လူကြီးတစ်ယောက်က ထောပတ်သီး တစ်နေ့တစ်လုံးမှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ ကိုလက်စတောပမာဏများ လျော့နည်းသွားတာကို တွေ့မြင်ရပါတယ်။

အစေ့အဆံများ

အစေ့အဆံများက အာဟာရဓာတ်များ ပေါကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ကိုလက်စတောကို လျော့ချပေးတဲ့ အမျှင်ဓာတ်နဲ့ သဘာဝအဆီဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဆော်လမွန်ငါးနှင့် မက်ကရယ်ငါး

ထိုငါးများမှာ အိုမီဂါသရီး ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပြီး အိုမီဂါသရီးဓာတ်ကတော့ HDL လို့ခေါ်တဲ့ ကောင်းတဲ့ကိုလက်စတောများကို မြှင့်တင်ပေးခြင်းအားဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူပေးနေပါတယ်။

ထိုငါးများကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးချင်တယ်ဆိုရင်တော့ ငါးပေါင်းစားခြင်း (သို့) စွပ်ပြုတ်လုပ်သောက်ခြင်းကသာ အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ငါးကြော်ကတော့ နှလုံးရောဂါ ခံစားရနိုင်ချေကို ပိုမိုဆိုးရွားစေပါတယ်။

သစ်သီးဝလံနှင့် ဘယ်ရီသီးများ

ဘယ်ရီသီးနှင့် စပျစ်သီးများ စားသုံးခြင်းက HDL ကိုလက်စတောကို မြှင့်မားစေပြီး LDL ကိုလက်စတောကို လျော့နည်းစေပါတယ်။ အမျှင်ဓာတ်နှင့် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးများကို စားသုံးခြင်းအားဖြင့် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် ဘက်စုံအသုံးဝင်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ဟင်းချက်တိုင်းမှာ ကြက်သွန်ဖြူကို အမြဲတမ်းထည့်ချက်ပေးမယ်ဆိုရင်တော့ ကိုလက်စတောပမာဏကို လျော့ချပေးပြီး နှလုံးရောဂါ ခံစားရခြင်းမှ အလိုအလျောက်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

Source: Healthline.com