ကိုယ်ခန္ဓာ အချိုးအစား ကျစ်ကျစ်လျစ်လျစ်လေးနဲ့ လှလှပပနေချင်တာကတော့ မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါပဲ။ စာဖတ်သူတို့ရော ကိုယ်အလေးချိန် ကျစ်ကျစ်လျစ်လျစ်လေးနဲ့ အသားအရေ ကြည်လင်တောက်ပပြီး ကျန်းမာလှပတဲ့ ဆံကေသာတို့ကို မပိုင်ဆိုင်ချင်ကြဘူးလား။

အခုဖော်ပြပေးမယ့် သဘာဝဖျော်ရည်တွေကို မနက်ခင်းတိုင်း သောက်သုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ ဝက်ခြံနဲ့ အမဲစက်များပေါက်ခြင်း၊ အစာအိမ်မကောင်းခြင်း၊ ဝိတ်တက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း စတဲ့ ပြဿနာများကို အရှင်းပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။

ကိုက်လံဖျော်ရည်

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ ကိုက်လံ ၄ ရွက်ခန့်၊ အစိမ်းရောင် စပျစ်သီး ပန်းကန်လုံးတစ်ဝက်ခန့်၊ Grapefruit တစ်ခြမ်း၊ ဖရဲသီးအနည်းငယ်၊ ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဆားအနည်းငယ်တို့ပဲဖြစ်ပါတယ်။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များကို မလှီးဖြတ်ခင် ရေအရင်ဆေးလိုက်ပါ။ ထို့နောက် ကိုက်လံ၊ ဖရဲသီး၊ စပျစ်သီးနှင့် ပင်စိမ်းရွက်တို့ကို သစ်သီးဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။ Grapefruit သီးကို အရည်ညှစ်လိုက်ပြီးနောက် စောစောက အရောအနှောထဲ ထည့်မွှေလိုက်ပါ။ ပြီးမှ ဆားနဲ့ ငရုတ်ကောင်းတို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ကိုယ်အလေးချိန်ကျသွားစေမယ့် ကိုက်လံဖျော်ရည်ကို မနက်ခင်းဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါပြီ။

ဟင်းနုနွယ်၊ သခွားသီး ဖျော်ရည်

လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကတော့ ဟင်းနုနွယ် ပန်းကန်လုံးတစ်လုံးစာ၊ သခွားသီး တစ်ဝက်၊ သံပုယိုသီး တစ်ခြမ်း၊ ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်၊ ဇီရာစေ့အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဆားအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

ဟင်းနုနွယ်ကို ရိုးတံများဖယ်ပြီး အရွက်တွေကိုပဲ ချွေယူထားလိုက်ပါ။ သခွားသီးကို ခပ်ပါးပါးလှီးပြီးနောက် သစ်သီးဖျော်စက်ထဲသို့ သခွားသီးနှင့် ဟင်းနုနွယ်ရွက်များကို ထည့်ပြီး ကြိတ်ချေလိုက်ပါ။ ပင်စိမ်းရွက်နှင့် ဆားတို့ ပေါင်းထည့်ပြီး ဖျော်စက်ကို ထပ်မံ လှည့်ပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲပြောင်းထည့်ပြီးနောက် ဇီရာမှုန့်များကို ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ ဟင်းနုနွယ်၊ သခွားသီးဖျော်ရည်လေး ရရှိသွားပါပြီ။

မုန်လာဥနီဖျော်ရည်

ပါးပါးလှီးထားသော မုန်လာဥနီ ပန်းကန်လုံးတစ်ဝက်ခန့်၊ ခရမ်းချဉ်သီးတစ်လုံး၊ တရုတ်နံနံ တစ်စည်း၊ သံပုယိုသီးတစ်ခြမ်းရဲ့ အရည်၊ ဇီရာစေ့အမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

သစ်သီးဖျော်စက်ထဲသို့ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ တရုတ်နံနံတို့ကို ထည့်ပြီး မွှေပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ပြီးနောက်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဇီရာမှုန့်နဲ့ သံပုယိုရည်တို့ထည့်ပြီး မွှေပေးလိုက်ပါ။

ပြီးရင်တော့ အရသာရှိတဲ့ မုန်လာဥနီဖျော်ရည်ကို ဝိတ်ကျဖို့အတွက် သောက်သုံးနိုင်ပါပြီ။

Source: stylecraze.com