ငယ်ငယ်ကတော့ ထောပတ်သီးရဲ့အနံ့ကိုမကြိုက်လို့ သိပ်မစားဖြစ်ဘူး။ ဒါပေမယ့် ထောပတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေသိလာပြီးနောက်ပိုင်းမှာတော့ ထောပတ်သီးပေါတဲ့အခါတိုင်း မကြာခဏဖျော်သောက်ဖြစ်တယ်။

အမှန်ဆို ဘာအချိုအဆိမ့်မှ မထည့်ပဲ ဒီတိုင်းစားတာက ကျန်းမာရေးအတွက်ပိုသင့်တော်ပေမယ့်လည်း ကိုယ့်ခံတွင်းနဲ့အဆင်မပြေရင် ဖျော်သောက်တာမမှားပါဘူး။

ဒါပေမယ့် ဖျော်သောက်ရမှာအလုပ်ရှုပ်တယ်ထင်ရင်တော့ ဒီလိုအလွယ်လေးလုပ်စားလို့ရပါတယ်နော်။ နည်းလမ်းလေးမပြောခင် ထောပတ်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြန်အသိပေးပါရစေနော်။

၁။ ထောပတ်သီးဟာ အဆီနဲ့ ကယ်လိုရီများပေမယ့်လည်း အာဟာဓာတ်ကြွယ်ဝတဲ့အပြင် နှလုံးကိုကျန်းမာစေတဲ့အတွက် စားသုံးဖို့သင့်တော်ပါတယ်။

၂။ ထောပတ်သီးက မျက်လုံးနဲ့ဆက်စပ်တဲ့ ကူးစပ်ရောဂါတွေမှလည်း ကာကွယ်ပေးပါတယ်။

၃။ထောပတ်သီးစားလိုက်ခြင်းက ဗိုက်ကိုအလွယ်တကူပြည့်စေတဲ့အတွက် အလွန်အမင်းစားသောက်ခြင်းမျိုးကိုမဖြစ်စေတော့ပါဘူး။

၄။ သွေးချိုနှုန်းကိုထိန်းညှိပေးတယ်။

၅။ ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးပေးခြင်းဖြင့် ဗိုက်ထဲကကလေးကို ကာကွယ်ပေးပါတယ်။

၆။ နှလုံးဆက်စပ်ရောဂါတွေဖြစ်ခြင်းကို တားဆီးပေးပါတယ်။

၇။ ထောပတ်သီးက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရောနှုန်းကို ကျဆင်းစေပါတယ်။

ထောပတ်သီးနို့ဆီစမ်း

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးအမှည့် ၃လုံး
  • နို့ဆီ ဗူးတစ်ဝက်
  • သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေခဲအကြေစများ(ရေခဲတုံးကို အမှုန်အမွှား၊ အစလေးတွေဖြစ်အောင်ကြိတ်၊ ချေထားပါ)

၁။ထောပတ်သီးကိုထပ်ခြမ်းခြမ်း၊ အသားတွေ ခြစ်ထုတ်ပြီး  ပန်းကန်လုံးတစ်ခုထဲမှာ အတုံးသေးသေးလှီးထားပါ။

၂။ထောပတ်သီးအရောင်မမည်းသွားအောင် သံပုရာရည် လက်ဖက်ရည်တစ်ဇွန်းကို လောင်းထည့်ပါ။

၃။ ပြီးရင် နို့ဆီလောင်းပြီး ထောပတ်သီးတွေထဲ စိမ့်ဝင်ပြီးနှံ့သွားအောင် ဇွန်းလေးနဲ့မွှေပေးပါ။ (အခဲလိုက်ဖြစ်နေတာမျိုးမကြိုက်ရင် ခက်ရင်းလေးနဲ့ချေပေးပါ။)

၄။အေးသွားအောင် ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ (ခဲအောင်မထားလိုက်ပါနဲ့။ အေးအေးလေးဖြစ်နေရင်ရပါပြီ)

၅။နောက်ဆုံးတော့ ရေခဲသေတ္တာထဲက ထုတ်ပြီး အပေါ်ကရေခဲအကြေစလေးတွေဖြူးကာ စားလို့ရပါပြီ။