အော့အန်ရခြင်း အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ တချို့ကလည်း ကားမူးခြင်း၊ ပင်လယ်မူးခြင်းကြောင့် အော့အန်ခြင်း၊ အစားများခြင်း၊ ဘီယာအသောက်များခြင်း၊ အစာမကြေခြင်း၊ စိတ်ဖိစီးမှုနှင့် ကြောက်စိတ်ကြောင့် အော့အန်ခြင်း၊ ကိုယ်ဝန်ကြောင့် အော့အန်ခြင်း စသည်ဖြင့် အမျိုးမျိုးပါပဲ။

အော့အန်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းတို့ပါ ဖြစ်ပေါ်တတ်ပါတယ်။ ဒါ့ကြောင့် အော့အန်ခြင်းကို သက်သာစေမယ့် အိမ်တွင်းဆေးနည်းလေးများကို အသုံးပြုပြီး ဘယ်လိုသက်သာအောင် ကုသနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

သံပုယိုရည်

သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောနှောလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ဖြည်းဖြည်းချင်းစီ သောက်ချလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်းပါ သက်သာသွားပြီး အန်ချင်စိတ်ပါ ပျောက်ကင်းသွားပါလိမ့်မယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေ ၁၂၅ မီလီလီတာဖြင့် ရောနှောလိုက်ပါ။ ထိုအရည်ကိုအသုံးပြုပြီး ခံတွင်းရှင်းအောင် ပလုတ်ကျင်းပေးလိုက်ပါ။ အော့အန်ချင်စိတ်ဖြစ်ပေါ်လာတိုင်း ပလုတ်ကျင်းပေးလိုက်ပါ။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်တစ်ချောင်းကို ပွက်ပွက်ဆူနေသော ရေနွေး ၂၅၀ မီလီလီတာထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက သစ်ကြမ်းပိုးခေါက်ကို ဖယ်ထုတ်လိုက်ပြီး ပျားရည်အနည်းငယ်ထည့်ကာ မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို တစ်နေ့ သုံးကြိမ်ခန့် သောက်သုံးပေးရပါမယ်။

ကြက်သွန်နီ

ကြက်သွန်နီအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ဖြင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို အနည်းငယ်စီ သောက်သုံးပေးလိုက်ပါ။ သင့်ရဲ့အစာချေစနစ်ကို ကောင်းမွန်စေတဲ့အတွက်ကြောင့် အော့အန်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။

ဒီဖျော်ရည်ကိုတော့ တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်ကို ရေ ၁၂၅ မီလီလီတာဖြင့် ရောနှောပေးလိုက်ပါ။ တစ်ကြိမ် အော့အန်ပြီးသွားတာနဲ့ တစ်ပြိုင်နက် ထိုအရည်ဖြင့် ပလုတ်ကျင်းပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အာခံတွင်းကို သန့်စင်ပေးပြီး နောက်ထပ် မအန်အောင် ကူညီပေးပါလိမ့်မယ်။

Source: Stylecraze.com