မျက်လုံးလို့ ပြောလိုက်တာနဲ့ မုန်လာဥနီကို ပြေးမြင်မိကြပါလိမ့်မယ်။ မှန်ပါတယ်။ မုန်လာဥနီနဲ့ အခြားလိမ္မော်ရောင်သန်းတဲ့ အသီးအနှံတွေမှာ အမြင်အာရုံကောင်းစေတဲ့ Beta-Carotene ခေါ် ဗီတာမင် A ဓာတ်တစ်မျိုးပါဝင်ပါတယ်။

Beta-Carotene ပါတဲ့အသီးအနှံမှမဟုတ်ပါဘူး။ အခြားသော ဗီတာမင်နှင့်သတ္တုဓာတ်တွေကလည်း မျက်လုံးအတွက် အကျိုးပြုတာကို တွေ့ရပါတယ်။ဒါဆိုမျက်လုံးအတွက် ဘယ်လို အစားအစာတွေစားပေးသင့်သလဲ ဆိုတာကြည့်ကြရအောင်။

၁။ ကြက်ဥ

ကြက်ဥအနှစ်မှာ lutein နဲ့ Zeaxanthin တို့အပြင် သွပ်ဓာတ်ပါ ပါဝင်တဲ့အတွက် အမြင်အာရုံကို ကြည်လင်စေပါတယ်။

၂။ ဘယ်ရီနှင့် အခြားအချဉ်သီးများ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေအပြင် လိမ္မောသီး၊ သံပုရာသီး၊ ရှောက်သီး စတဲ့ အချဉ်သီးတွေမှာ ဗီတာမင်စီ ပါဝင်လို့ အမြင်အာရုံချို့တဲ့ခြင်း၊ တိမ်စွဲခြင်းကို လျော့နည်းစေပါတယ်။

၃။ ဗာဒံစေ့။

ဗာဒံသီးမှာပါဝင်တဲ့ ဗီတာမင်အီး ကလည်း အမြင်အာရုံကို ကြည်လင်စေပြီး ဗာဒံစေ့လက်တစ်ဆုပ်စားပေးခြင်းဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်အီး ရဲ့ထက်ဝက်ခန့်ပါရှိပါတယ်။

၄။ အဆီပါသောငါး။

တူနာ၊ ဆာလမွန်၊ ငါးသေတ္တာ၊ မက်ကရယ်ငါး၊ ငါးပါးနီနဲ့ ထရောက်ငါး တွေမှာပါဝင်တဲ့ အဆီအက်စစ်ဟာ မျက်လုံးခြောက်ခြင်း၊ တိမ်စွဲခြင်း ကို ကင်းစင်စေပါတယ်။

၅။ အစိမ်းရင့်ရောင်အရွက်များ။

ဟင်းနုနွယ်၊ ကိုက်လန် စတဲ့အရွက်တွေမှာ Lutein နဲ့ Zeaxanthin စတဲ့အပင် ရောင်ခြယ်ပစ္စည်းတွေပါဝင်တာကြောင့် အမြင်အာရုံ ကြည်လင်စေပါတယ်။ ဘရိုကိုလီ၊ ပဲများနှင့် ထောပတ်သီးတွေလည်း စားသုံးနိုင်ပါတယ်။

၆။ အရောင်ကြွယ်ဝတဲ့အစားအစာများ။

Source: Saga

မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ စတော်ဘယ်ရီ၊ ဖရုံသီး၊ ပြောင်းဖူးနဲ့ သခွားမွှေးသီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ကယ်ရိုတီနွိုက်စတဲ့ ဓာတ်တွေပါဝင်တာကြောင့် မျက်လုံးနဲ့ဆက်နွယ်တဲ့ရောဂါတွေ ဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။

၇။ ငါးကြီးဆီ။

Omega-3 အဆီအက်စစ်ပါဝင်တဲ့ ငါကြီးဆီစားပေးခြင်းဖြင့် မျက်လုံးခြောက်ခြင်း၊ အမြင်မကြည်ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။

၈။နေကြာစေ့။

ဗီတာမင်အီးနဲ့ သွပ်ဓာတ်ပါဝင်တဲ့ နေကြာစေ့ကို စားပေးခြင်းဖြင့်လည်း မျက်လုံးနဲ့ဆက်နွယ်တဲ့ ရောဂါတွေကာကွယ်ပေးနိုင်ပါတယ်။

အထက်ပါ အစားအစာတွေကို နေ့စဉ်မှီဝဲစားသုံးခြင်းဖြင့် အမြင်အာရုံကြည်လင်စေပြီး ကျန်းမာတဲ့မျက်လုံးတစ်စုံကို ပိုင်ဆိုင်ကြပါစေ။