“ဝိုင်” ဟု ကြားလိုက်ရုံဖြင့် အနီရောင် အရည်လေးများကိုမျက်စေ့ထဲမြင်ယောင်လာကြ၏။ ဝိုင်ကို အရသာရှိရှိ သောက်တော့မယ့်ဆိုရင် ရှေးဦးစွာ ဝိုင်ထည့်ထားတဲ့ဖန်သားကြည်ကြည် ကလပ်ခွက်ကိုစက်ဝိုင်းပုံပတ်ချာလည်လှည့်လှုပ်ခတ်ပေးလျှက်မှ ဝိုင်၏ရနံ့ကို ရှူသွင်းကာ၊ တစ်ကျိုက်ချင်း စက္ကန့် အနည်းငယ် ငုံထားပြီးမှသာ အရသာခံမျိုချသောက်ရပါသည်။

ဝိုင်ဆိုတာ အရက်တော့မဟုတ်ပေမယ့်များများသောက်ပါက လူကိုမူးယစ်စေတတ်သော အဖျော်ယမကာတစ်မျိုးဖြစ်ပါသည်။ အင်္ဂလိပ်စကားလုံး အက္ခရာ Wine သည် ယေဘုယျ အားဖြင့် စပျစ်သီးမှချက်လုပ်ထားသော ဝိုင်အရက်ကို ရည်ညွှန်းခြင်းဖြစ်သော်လည်း၊ အခြားအသီးအနှံများမှ ချက်လုပ်သောဝိုင်အရက် (ဥပမာ-ပန်းသီးဝိုင်၊ စတော်ဘယ်ရီဝိုင်) စသည်တို့ကိုလည်း “ဝိုင်” ဟုသာ ခေါ်ဆိုသုံးနှုန်းလေ့ရှိကြပါသည်။

ဝိုင်ချက်လုပ်အသုံးပြုသောထိုအသီးများထဲတွင် ပါရှိတဲ့ သဘာဝသကြားဓာတ်ကိုကစော်ပေါက်ခြင်းဖြင့် ဝိုင် ချက်လုပ်ခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် ဝိုင်နီ၊ ဝိုင်ဖြူ၊ Rose ဝိုင် (ခေါ်) Pink ဝိုင် နှင့်စပါကလင်ဝိုင် ဟူ၍ ဝိုင်(၄)မျိုးရှိပါသည်။

ဝိုင်နီကို စပျစ်သီးအနီဖြင့် ချက်လုပ်ပါသည်။ ကောင်းမွန်သော ဝိုင်နီရရှိစေရန်အတွက် စပျစ်သီး၊ စပျစ်ခွံ၊ စပျစ်စေ့များပါ ထည့်၍ အချဉ်ဖောက်ပေးရ၏။ ဝိုင်ဖြူကိုတော့ စပျစ်သီးအဖြူဖြင့် ချက်လုပ်ကြပါသည်။
Rose ဝိုင် (ခေါ်) Pink ဝိုင် ဆိုသည်မှာဝိုင်နီနှင့် ဝိုင်ဖြူများကို ရောနှောပေါင်းစပ်ထားခြင်း မဟုတ်ဘဲ၊ အနီရောင် စပျစ်သီးများကို အရည်ညှစ်ထုတ်ခြေထားပြီး ဝိုင် ချက်လုပ်ခြင်းသာဖြစ်ပါသည်။

အဲဒီ စပျစ်ရည်ထဲမှာ စပျစ်ခွံများကျန်ရှိမှုပမာဏ အနည်း၊ အများနှင့် အသုံးပြုထားသောစပျစ်သီးခွံ အထူ၊ အပါး ပေါ်မူတည်ပြီးတော့Rose ဝိုင်၏ ပန်းရောင်အနု၊ အရင့် ကွာခြားမှုဖြစ်လာပါသည်။ ဝိုင်အတွင်းမှာ အမြှုပ်ထနေသော ဝိုင်ကို စပါကလင်ဝိုင်ဟုခေါ်ကြပါသည်။

ဝိုင်ရဲ့အရောင်ကို ကြည့်တဲ့အခါ ဝိုင်ထည့်ထားသောခွက်ကိုလေထဲတွင်မြှောက်ပြီးကြည့်ရုံနှင့် အဖြေမှန်ကို မသိနိုင်ပါဘူး။ကြည်လင်သောအရောင်ကိုနောက်ခံထားပြီး ဝိုင်ခွက်ကို45 ံ C စောင်း၍ ကြည့်ရပါသည်။ ဝိုင်နီများကိုအစိမ်းရောင်ရင့်ရင့်(သို့) အနက်ရောင်ပုလင်းများတွင် သိမ်းဆည်းထားလေ့ရှိပါသည်။

ထိုကဲ့သို့ အရောင်ရင့်သောပုလင်းများအတွင်း၌သာ ထည့်သွင်းသိမ်းဆည်းခြင်းဖြင့်ဝိုင်နီများရဲ့ သက်တမ်းကို ရင့်လာစေတယ်လို့ဆိုကြပါသည်။

ဝိုင်ဖြူများကိုမူ အစိမ်းရောင်ဖျော့ဖျော့ (သို့်) အဝါရောင်ပုလင်းများတွင်ထည့်သွင်းထားလေ့ရှိပါသည်။ ယေဘုယျအားဖြင့်ဝိုင်၏အရောင်ကိုကြည့်ပြီး သက်တမ်းကို ခန့်မှန်းလို့ရနိုင်ပါသည်။ ဝိုင်ဖြူများသည် သက်တမ်းရင့်လာပါက ဝိုင်၏အရောင်မှာ ပိုမိုရင့်လာတတ်ပါသည်။ ၎င်းဝိုင်ဖြူများကို သစ်ချသား စည်များအတွင်းသိုလှောင်သိမ်းဆည်း ထားတဲ့ သက်တမ်းပေါ်တွင်မူတည်ပြီးတော့လည်းအရောင်ပြောင်းတတ်ပါသည်။

ဝိုင်နီများမှာမူ ၎င်းတို့ သက်တမ်း ပိုမိုရင့်လာသည်နှင့်အမျှ အရောင်ပိုမိုဖျော့လာပါသည်။ဝိုင်ပုလင်းရဲ့အရှေ့ဘက်ခြမ်းမှာBrand Name ၊ ဝိုင်ထဲတွင်ပါတဲ့စပျစ်သီးများနှင့် အခြားအမျိုးအမည်များ၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ ဝိုင်အမျိုးအစားတိ့ုကို ဖော်ပြထားလေ့ရှိပါသည်။

ပုလင်းရဲ့နောက်ဘက်ခြမ်းမှာ စပျစ်ခင်းများထွက်ရှိရာ ဒေသ၊ ဝိုင်ပြုလုပ်သည့်နည်းစနစ်များ၊ ဝိုင်အနံ့အရသာနှင့်တွဲဖက်စားသုံးသင့်သော
ဟင်းလျာများ၊ဝိုင်ပုလင်းကိုထိန်းသိမ်းထားရှိရမည့် အပူချိန်၊ ဝိုင်ထဲမှာပါတဲ့Alcohol ရာခိုင်နှုန်းတို့ကို‌‌ဖော်ပြထားလေ့ရှိပါသည်။

ဝိုင်ကို အမှောင်ခန်းနှင့် အအေးဓာတ်ရှိသော နေရာများတွင် နှစ်ကြာကြာထားလေ၊ အရသာပိုကောင်းလေဖြစ်သောကြောင့် နှစ်ချို့ဝိုင်သည် တန်ဖိုးမြင့်မားပါသည်။ပုလင်းအဖုံးကို သစ်သားခေါက်တစ်မျိုးဖြင့် ပြုလုပ်လေ့ရှိပါသည်။ ထိုသစ်သားခေါက် ပုလင်းအခွံနှင့် ဝိုင်ကိုအမြဲထိတွေ့ နေစေရန်အတွက် ပုလင်းကို အောက်ဘက်သို့အနည်းငယ်စောင်းပြီး သိမ်းဆည်းလေ့ရှိပါသည်။

အဆိပ်ငွေ့များထွက်သွားစေရန်နှင့် ဝိုင်၏ အနံ့အရသာတို့ယိုယွင်းမှုမရှိစေရန်အတွက် ဤသို့သိမ်းဆည်းရသည်ဟုဆိုပါသည်။ သိုလှောင်သိမ်းဆည်းထားသည့် သက်တမ်းကိုလိုက်၍ဈေးကွာခြားမှုရှိပါသည်။

ဝိုင်များကို မသုံးဆောင်မီ Wine Cooler အတွင်း အပူချိန် 17 ံC ခန့်ရှိသောနေရာတွင် အချိန် ၁-နာရီ ခန့်ကြိုတင်ထားပြီး၊ သောက်သုံးမှသာ ဝိုင်အရသာကို ပိုမိုပေါ်လွင်စေမည်ဖြစ်ပါသည်။

များသောအားဖြင့် အနီရောင်ဝိုင်များကို အခန်းအပူချိန်(Room Temperature) မှာထား၍ အသားနဲ့တွဲဖက်စားသောက်သောအခါအရသာပိုမိုပေါ်လွင်ပြီး၊ အဖြူရောင် ဝိုင် များကိုတော့ ငါး၊ အသုပ်တို့နှင့် တွဲဖက်စားသောက်ပါက အရသာပိုထူးပါသည်။

ကျန်းမာရေးရှုထောင့်ကကြည့်ပါလျှင် ကမ္ဘာပေါ်တွင် ဦးစားပေးသောက်သုံးသင့်သောအရည် မှာရေ (သို့မဟုတ်) ရေနွေးကြမ်းGreen Tea ဖြစ်ပြီး ဒုတိယအနေနဲ့သောက်သင့်သောအရည်မှာ အနီရောင်စပျစ်ဝိုင်ဖြစ်ကြောင်းဆေးပညာရှင်များကအကြံပြုထားကြပါသည်။

ထို့ကြောင့် စပျစ်ဝိုင်အနီကို လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး သောက်သုံးသင့်ပါသည်။ အကယ်၍ဝိုင် များများသောက်မိရင်တော့ မူးတာလည်းမဟုတ်ဘဲ ရီဝေေ၀ ခံစားရပါမည်။

ဆေးပညာရှင်များ၏အဆိုအရ စပျစ်သီးအခွံတွင်အိုမင်ရင့်ရော်မှုကို နှေးကွေးစေသည့် ဓာတ်တစ်မျိုး ပါဝင်သောကြောင့် “ မအိုဆေး ” ဟုညွှန်းဆိုကြပါသည်။ ဝိုင်အနီကို ဆေးဝါးအဖြစနေ့စဉ်ပုံမှန်သောက်သုံးသူများသည် နှလုံးရောဂါ မဖြစ်စေပါ။

သွေးတိုးကိုကျစေသည့်အပြင်၊ သွေးအတွင်း အဆီဓာတ်များကိုလည်းကျစေပါသည်။ ထို့ပြင်အနီရောင်ဝိုင်တွင်ပါရှိသော သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးသည် နျူကလီးယားဓာတ်ရောင်ခြည်ကြောင့် ခန္ဓာကိုယ်ထဲရှိဆဲလ်များသေဆုံးခြင်းကို ကာကွယ်ပေးနိုင်ကြောင်းယူကေအခြေစိုက် တယ်လီဂရပ် သတင်းစာတွင် ဖော်ပြထားခဲ့ပါသည်။ ထိုအဆိုကို ပစ္စဘတ်တက္ကသိုလ်၏သုတေသနအဖွဲ့မှလည်း ထောက်ခံထားပါသည်။

သမိုင်းရာဇဝင်များကိုလေ့လာကြည့်ရာတွင် လွန်ခဲ့သောBC 6000 ခန့်ကစ၍ ပါရှား (ခေါ်) အီရန်သည် ကမ္ဘာပေါ်တွင် ပထမဦးဆုံး စပျစ်သီးဖြင့် ဝိုင်ကို စတင်ချက်လုပ်သောက်သုံးသော နိုင်ငံဖြစ်ပါသည်။
ထိုမှတစ်ဆင့် အီဂျစ်၊ဂရိ၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အာရေဗျ၊ဥရောပမြောက်ပိုင်း၊ ရောမ၊ မက္ကဆီကို၊ပီရူး၊ ကာလီဖိုးနီးယား၊ သြစတြေးလျ၊နယူးဇီလန် စသည်ဖြင့် လက်ဆင့်ကမ်း ရွေ့လျားလာခဲ့ပါသည်။

အနောက်ဥရောပနိုင်ငံအားလုံးလိုလိုတွင် စပျစ်သီးမှသာ ဝိုင်ချက်လုပ်လေ့ ရှိကြပါသည်။ အာရှတိုက်တွင်တော့ အိန္ဒိယနိုင်ငံမြောက်ပိုင်း နှင့် တရုတ်တို့တွင်BC 100 ခန့်ကစတင်သောက်သုံးလာခဲ့ကြပြီး၊ ထိုမှတစ်ဆင့် အာရှနိုင်ငံအသီးသီးတို့ ဝိုင်သောက်သုံးသောဓလေ့ပျံ့နှံ့လာခဲ့ပါသည်။

“ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ဝိုင်၊ စကော့တလန်မှာ ဝီစကီ၊ ရုရှားမှာဗော့ဒ်ကာ”ဟူသော ဆိုရိုးစကားရှိပါသည်။ မှန်ပါသည်။ ပြင်သစ်နိုင်ငံထုတ်ဝိုင်အရက်များသည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားဆုံးဖြစ်ပါသည်။ ပြင်သစ်တို့သည် စပျစ်သီးဖြင့်သာ ဝိုင်ချက် လုပ်လေ့ရှိကြပါသည်။

သောက်သုံးပြီးသောအခါ ခံတွင်းထဲတွင် သင်းပျံ့သောမွှေးရနံ့နှင့်အတူ အရသာရှည်ကြာစွာစွဲကျန်နေစေရန်အတွက်ငရုတ်ကောင်းမှရရှိသော ပူရှိမ်းရနံ့၊ သစ်ခွရနံ့နှင့် ရင့်မှည့်သော ဘလက်ဘယ်ရီသီး ရနံ့တို့ဖြင့်ပြုလုပ်ကြပါသည်။

ပြင်သစ်နိုင်ငံထုတ် နာမည်ကြီးဝိုင် အမျိုးမျိုးရှိကြရာ၊Burgundy ဝိုင်သည်လည်း အကောင်းဆုံးစာရင်းဝင်တစ်ခုဖြစ်ပါသည်။ ပြင်သစ်နိုင်ငံအရှေ့ပိုင်း ဘာဂန်ဒီနယ်သည်ကမ္ဘာကျော် ဝိုင်အရက် အကောင်းစားများ ထုတ်လုပ်ရာနယ်ဖြစ်ပြီး ထိုဒေသမှ ထွက်ရှိသော စပျစ်သီးများဖြင့်သာ ဝိုင်ကိုချက်လုပ်ကြပါသည်။

ထိုဒေသထွက် စပျစ်သီးအခွံများထဲတွင် အခြားနိုင်ငံများနှင့်မတူ တစ်မူထူးခြားစွာ
လူသားတို့ကျန်းမာရေးကိုအကျိုးပြုစေသည့် saponins (ခေါ်) သဘာဝဖယောင်းဓာတ် ပမာဏမြင့်မားစွာပါရှိသောကြောင့် သွေးထဲရှိကိုလက်စထရောများကို လျှော့ချပေးနိုင်စွမ်းရှိပါသည်။

ရှန်ပိန်(ချမ်ပိန်)ဒေသမှ ထွက်သောအရက်ကို ရှန်ပိန် အရက်ဟု အမည်သညာပြု ခေါ်ကြသကဲ့သို့၊ Burgundy ဒေသမှထုတ်သည့် ဝိုင်ကို Burgundyဝိုင် ဟု ခေါ်ခြင်းဖြစ်ပါသည်။ နာမည်ကျော်စစ်ဘုရင်နပိုလီယံ၏ Favourate ဝိုင်
ဟု ဆိုပါသည်။ ဘာဂန်ဒီ ဝိုင် အရက် ၏ အရောင်မှာ နီညိုရောင် (သို့မဟုတ်) ကြက်သွေးရောင် ဆန်ဆန် ဖြစ်ပါသည်။ အရသာမှာ ချိုသယောင်ယောင်နှင့် ခါးသက်သက်ဖြစ်ပြီး၊ သက်တမ်းပိုကြာလာသောအခါ ခါးသက်သက် အရသာရှိပါသည်။ အနီရောင် အသားများ၊ ချိစ်များနှင့် အသားကင်အမျိုးမျိုးတို့ဖြင့် လိုက်ဖက်စွာသုံးဆောင်နိုင်သော ဝိုင်ဖြစ်ပါသည်။

ထိုဝိုင်နီကို သောက်သုံးရုံသာမက၊ အမဲသား၊ ချိစ်၊ ဂျုံမှုန့်တို့ဖြင့် စီမံသော ကြက်သွန်နီစွပ်ပြုတ်ထဲတွင် နေ့စဉ်ဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးလေ့ရှိပါသည်။ ဘာဂန်ဒီ အနီရောင်ကို ပြင်သစ်ကဗျာဆရာများကလည်း
တဖွဲ့တနွဲ့စပ်ဆိုကြပါသည်။

ယနေ့ကမ္ဘာပေါ်တွင် ဝိုင်နှင့်အဖျော်ယမကာတို့ကို အစွဲလမ်းဆုံးနိုင်ငံမှာပြင်သစ်နိုင်ငံဖြစ်သည့်အလျောက်၊ နာမည်ကြီးဝိုင်ပုလင်းများကို ထိုနိုင်ငံရှိနာမည်ကျော်မျိုရိုးစဉ်ဆက်ချမ်းသာသည့် သူဌေးကြီး များကငွေကြေးဒေါ်လာသောင်းချီ အကုန်ကျခံကာ၊ လေလံဆွဲကြပြီး အပူ၊ အအေး ထိန်းညှိထားသည့် ၎င်းတို့၏ ဧည့်ခန်းများတွင် အလှဆင်ထားကြပါသည်။ ထိုနိုင်ငံ၏ ခရစ္စတင်း လေလံပွဲများတွင် ဝိုင်အရက် လေလံဆွဲမှုမှာရှေးဟောင်းနာရီနှင့် ပန်းချီကားတို့ပြီးလျှင်လူကြိုက်အများဆုံးဖြစ်ပါသည်။

Credit: သုတရသ မျှဝေမယ် ၊ FOOD Magazine Myanmar