ကြက်ဟင်းခါးသီးဆိုတဲ့ အစားအစာတစ်မျိုးက နာမည်နဲ့လိုက်အောင်ကို ခါးတဲ့အတွက်ကြောင့် ကလေးငယ်လေးတွေရဲ့ နံပါတ် (၁) ရွေးချယ်မှုအစားအစာ မဟုတ်တာတော့ သေချာပါတယ်။ ကလေးငယ်လေးတွေတင် မဟုတ်ပါဘူး။ တချို့လူကြီးတွေလည်း ကြက်ဟင်းခါးသီးကို မကြိုက်ကြပါဘူး။

ဒါပေမဲ့ ကျန်းမာရေးပြဿနာတစ်စုံတစ်ခု ကြုံတွေ့ရလို့ မဖြစ်မနေစားသုံးမယ်ဆိုရင်တော့ ရှောင်လွှဲလို့ရမှာ မဟုတ်တော့ပါဘူး။

ကြက်ဟင်းခါးသီးကို မကြိုက်လို့ လုံးဝမစားတာထက်စာရင် တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် သုံးကြိမ်ခန့် စားပေးမယ်ဆိုပါက အခုဖော်ပြပေးမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ခံစားရမှာပဲဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဆီးချိုကျစေဖို့ ကြက်ဟင်းခါးသီး ဖျော်ရည်ကို မနက်တိုင်းသောက်မယ်

WHO ရဲ့ လေ့လာဆန်းစစ်ချက်အရ ကမ္ဘာပေါ်ရှိ လူသန်းပေါင် ၃၈၂ သန်းခန့်က ဆီးချိုရောဂါကို ခံစားနေကြရတာပါ။ ကြက်ဟင်းခါးသီးဖျော်ရည်ကို သောက်သုံးပေးခြင်းက ဆီးချိုရောဂါ အခြေအနေဆိုးရွားမလာအောင် ကူညီပေးတာကြောင့် ဆီးချိုသမားများအနေနဲ့ မိမိဘဝအဖော်မွန်အဖြစ် လက်တွဲထားသင့်ပါတယ်။

မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးခြင်း

ကြက်ဟင်းခါးသီးက ရောင်ရမ်းမှုကို ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ ကိုလက်စတောများကိုလည်း ခြေဖျက်ပေးတာကြောင့် နှလုံးရောဂါ ခံစားရခြင်းကို လျော့ချပေးပြီး နှလုံးကျန်းမာရေးကောင်းအောင် ကူညီပေးပါတယ်။

အသားအရေအလှအပနှင့် ဆံကေသာကျန်းမာသန်စွမ်းနေစေဖို့ အထောက်အကူပြုခြင်း

ကြက်ဟင်းခါးသီးထဲမှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနှင့် ပါးရေတွန့်ခြင်းကို တားဆီးပေးတဲ့ ဗီတာမင် အေနဲ့ ဗီတာမင် စီ စတဲ့ Antioxidants များ ပါဝင်ပါတယ်။ ဒါ့အပြင် ဝက်ခြံ၊ အမဲစက်များ၊ အရေပြား ယားယံခြင်းနှင့် နှင်းခူကဲ့သို့ ယားနာများကိုလည်း ပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

အရက်နာကျခြင်းကို သက်သာစေပြီး အသည်းကို သန့်စင်ပေးခြင်း

မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေနဲ့ အကြာကြီးနေမှ တွေ့ရလို့ အပျော်လွန်ပြီး ယမကာသောက်တာများသွားပြီလား။ နောက်တစ်နေ့မိုးလင်းလာပြီး ခေါင်းမကြည်ဘူးဆိုရင်တော့ ကြက်ဟင်းခါးသီးဖျော်ရည်လေးကို သောက်သုံးပေးလိုက်ပါ။ ကြက်ဟင်းခါးသီးဖျော်ရည်က အသည်းထဲမှာ အနည်ကျနေတဲ့ ယမကာဖျော်ရည်အဆိပ်အတောက်တွေကို စစ်ထုတ်ပေးပြီး အသည်းကို သန့်စင်ပေးပါလိမ့်မယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

ကြက်ဟင်းခါးသီးက ကယ်လိုရီနည်းပြီး အဆီဓာတ်ရော ကာဘိုဟိုက်ဒြိုက်ဓာတ်တွေပါ နည်းပါးပါတယ်။ ကြက်ဟင်းခါးသီးစားမယ်ဆိုရင် အချိန်အကြာကြီး ဗိုက်ပြည့်နေစေမှာဖြစ်ပြီး ကိုယ်အလေးချိန်လည်း လျော့ချပေးပါလိမ့်မယ်။ ၂၀၁၀ ခုနှစ်က ထုတ်ဝေတဲ့ ဆေးဂျာနယ်စာစောင်မှာဆိုရင် ကြက်ဟင်းခါးသီးကို အဝလွန်ခြင်းလျော့ချပေးတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်အဖြစ် တင်စားထားပါတယ်။

Source: Food.ndtv.com