လူတစ်ကိုယ် အကြိုက်တစ်မျိုးစီရှိကြတဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့အစားအစာချင်း မတူညီကြပါဘူး။ တစ်ချို့က ဟင်းသီးဟင်းရွက်တွေ ကြိုက်နှစ်သက်ကြပေမယ့် တစ်ချို့ကျတော့ အသားဟင်းမပါရင် ထမင်းစားမမြိန်တာမျိုး ဖြစ်တတ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ သင့်ရဲ့ အကြိုက်ဆုံးအစားအစာတွေထဲမှာ ဘာ့ကြောင့် ဒန့်ဒလွန်သီးကို ထည့်သွင်းသင့်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဒန့်ဒလွန်သီးများက အာဟာရဓာတ်ကြွယ်ဝကြပါတယ်။

ဒန့်ဒလွန်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ အချို့လူတွေ စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ လျော့နည်းနေတတ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေက လူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ဒီလိုအာဟာရဓာတ်ချို့တဲ့လာပြီဆိုရင်တော့ ဒန့်ဒလွန်သီးကို စားသုံးပေးလိုက်ပါ။

Antioxidants များ ကြွယ်ဝစွာပါဝင်ခြင်း

ဒန့်ဒလွန်သီးထဲမှာပါဝင်တဲ့ Antioxidants များက သွေးပေါင်ချိန်ကို လျော့ချပေးနိုင်ပါတယ်။ ဒန့်ဒလွန်သီးက အသီးတင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးပေးစွမ်းတာမဟုတ်ပါဘူး။ သူ့ရဲ့ အရွက်ကလည်း အစားအသောက်များ တာရှည်ခံအောင် ကူညီပေးပါသေးတယ်။

သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း

ဆီးချိုသမားတွေအနေနဲ့ကတော့ သွေးတွင်းသကြားဓာတ်ကို အမြဲတမ်း ထိန်းညှိနေရတာပဲဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်များခြင်းရဲ့ နောက်ဆက်တွဲကတော့ နှလုံးရောဂါ ခံစားရခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ သွေးတွင်းသကြားဓာတ်ကို မြှင့်တက်မလာအောင် ထိန်းချင်တယ်ဆိုရင်တော့ ဒန့်ဒလွန်သီးကို ထမင်းစားတိုင်း စားသုံးသင့်ပါတယ်။

အရိုးများ ကျန်းမာကြံ့ခိုင်စေခြင်း

လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ အရိုးအဆစ်များကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အရိုးများ ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ကယ်လ်စီယမ်နဲ့ သံဓာတ်များ ဒန့်ဒလွန်သီးထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒန့်ဒလွန်သီး စားသုံးခြင်းက အရိုးအဆစ်တွေ သန်မာစေရုံသာမကဘဲ အရိုးသိပ်သည်းဆများ ဆုံးရှုံးမသွားအောင် ကူညီပေးပါတယ်။ ဒါ့အပြင် သက်လုံကောင်းပြီး အမောခံနိုင်အောင်လည်း ကူညီပေးပါသေးတယ်။

သွေးများကို သန့်စင်ပေးခြင်း

ဒန့်ဒလွန်သီးမှန်မှန်စားသုံးပေးခြင်းက သွေးများကို သန့်စင်ပေးပြီး သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒန့်ဒလွန်သီးမှာ သွေးထဲက အညစ်အကြေးများကို သန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။

Source: healthline.com