လူအများနှစ်ခြိုက်စွာ စားသုံးလေ့ရှိကြတဲ့ အစားအစာထဲမှာ ကြက်သားကလည်း တစ်ခုအပါအဝင်ပါပဲ။ ကြက်သားကို ဆီပြန်ချက်ချင်တာလား၊ ကြက်ကာလသားချက် စားချင်တာလား၊ အစပ်ချက်လား စသည်ဖြင့် နည်းလမ်းမျိုးစုံနဲ့ အရသာရှိရှိ ချက်ပြုတ်စားနိုင်တဲ့ အသားတစ်မျိုးပဲဖြစ်ပါတယ်။

ဒါ့အပြင် ကြက်သားက ချက်ပြုတ်ရတာ လွယ်ကူတဲ့အပြင် ဝယ်ယူရတာလည်း ဈေးမကြီးတဲ့ အသားတစ်မျိုးဖြစ်ပါတယ်။ ကြက်သားစားသုံးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရော သင် သိပါသလား။

ပရိုတင်းဓာတ်ကြွယ်ဝခြင်း

ကြက်သားထဲမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က ကြွက်သားများ သန်မာပြီး ကြီးထွားဖွံ့ဖြိုးနိုင်ဖို့အတွက် ကောင်းစွာထောက်ပံ့ပေးနိုင်ပါတယ်။ ထိုပရိုတင်းဓာတ်က ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ကိုယ်အလေးချိန်တက်ချင်သူ (သို့) ကိုယ်အလေးချိန် လျော့ချချင်သူတွေအတွက် ကူညီပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ကြက်ရင်အုံသားကို စားသုံးပေးခြင်းက သင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်တယ်ဆိုတာကို သင် သိပြီးပါပြီလား။ ကြက်ရင်အုံသား စားသုံးပေးခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Homocysteine အမိုင်နိုအက်ဆစ်ဓာတ်ကို ထိန်းညှိပေးပါတယ်။ ထိုအမိုင်နိုအက်စစ်ဓာတ်က ပမာဏများသွားပါက နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားရစေမှာပဲဖြစ်ပါတယ်။

ဖော့စဖရပ်ဓာတ် ကြွယ်ဝခြင်း

ကြက်သားထဲမှာ ဖော့စဖရပ်ဓာတ်တွေ များပြားစွာ ပါဝင်ပါတယ်။ ထိုဓာတ်က သွားကျန်းမာရေး၊ အရိုးကျန်းမာရေး၊ ကျောက်ကပ်၊ အသည်းနဲ့ အာရုံကြောစနစ်တွေ ကောင်းစွာ အလုပ်လုပ်နိုင်ပြီး ကျန်းမာနေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

စိတ်ကျရောဂါမှ ကာကွယ်ပေးခြင်း

ဝမ်းနည်းနေပြီး စိတ်ဓာတ်ကျနေတယ်ဆိုရင် ကြက်သား စားသုံးလိုက်ပါ။ ကြက်သားစားသုံးခြင်းက Serotonin အမိုင်နိုအက်စစ်ဓာတ်ကို မြင့်တင်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေကာ စိတ်ခံစားချက်များ ကောင်းမွန်အောင် ကူညီပေးတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ညဘက်မှာလည်း အိပ်ရေးဝဝအိပ်စက်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါသေးတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

Alpha ၊ Beta-Carotene နဲ့ Lycopene ဓာတ်တို့က မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေပဲဖြစ်ပါတယ်။ ထိုဗီတာမင်ဓာတ်တွေ အကုန်လုံးကို ကြက်သားထဲမှ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်သားစားသုံးခြင်းက မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုမှာပဲဖြစ်ပါတယ်။

အရိုးများ ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်း

အသက်ကြီးပြီး အိုမင်းလာတဲ့အခါ အရိုးတွေ တဖြည်းဖြည်းအားနည်းလာပါတယ်။ အရိုးပွရောဂါ၊ အဆစ်မြစ်ရောင်ရောဂါတွေ မခံစားရဖို့အတွက်ဆိုရင်တော့ ကြက်သားကို မှန်မှန်စားသုံးပေးလိုက်ပါ။ ကြက်သားမှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေက သင့်အရိုးကျန်းမာရေးအတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

Source: peacockspoultryfarm.com