အရှေ့တိုင်းက လူတော်တော်များများက အသုပ်စားတဲ့အခါ ကြက်သွန်မြိတ်အသုံးပြုလေ့ရှိပါတယ်။ သင်ရော ဟင်းချက်တဲ့အခါပဲဖြစ်ဖြစ် ဟင်းရည် (သို့) စွပ်ပြုတ်တို့ ဆန်ပြုတ်တို့ လုပ်သောက်တဲ့အခါပဲဖြစ်ဖြစ် ကြက်သွန်မြိတ်ကို အမြဲတမ်း အသုံးပြုပါသလား။

ကြက်သွန်မြိတ် အသုံးပြုခြင်းက သင့်ရဲ့ ဟင်းလျာကို အနံ့အရသာကောင်းမွန်စေရုံသာမကဘဲ သင့် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးအမြောက်အမြားဆောင်ကျဉ်းပေးနိုင်ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်

ကြက်သွန်မြိတ်ထဲမှာပါဝင်တဲ့ ဗီတာမင်စီက မြင့်မားနေတဲ့ ကိုလက်စတောပမာဏကို လျော့ချပေးနိုင်တဲ့အပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းကလည်း နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါများ မဖြစ်ပွားအောင် လျော့ချပေးနိုင်ပါတယ်။

အရိုးသိပ်သည်းဆကို မြှင့်မားစေခြင်း

ကြက်သွန်မြိတ်ထဲမှာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် စီနဲ့ ဗီတာမင်ကေတို့ မြင့်မားစွာပါဝင်ပါတယ်။ ဗီတာမင်စီကတော့ အရိုးများ သန်မာကြံ့ခိုင်လာအောင် ကူညီပေးပြီး ဗီတာမင် ကေကတော့ အရိုးရဲ့ သိပ်သည်းဆကို အချိန်ကြာကြာထိန်းသိမ်းပေးထားနိုင်ပါတယ်။

အသက်ရှုအင်္ဂါအဖွဲ့အစည်းအတွက် ထိရောက်စွာကူညီပေးခြင်း

ကြက်သွန်မြိတ်ထဲမှာ ဘက်တီးရီးယားတွေကို ကြံ့ကြံ့ခံတိုက်ဖျက်ပေးနိုင်တဲ့အစွမ်းသတ္တိများ ပါဝင်တာကြောင့် လေထဲမှာ ပျံ့နှံ့နေတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးထားပါတယ်။ ဒါ့ကြောင့်လည်း ကြက်သွန်မြိတ်များများစားတဲ့သူတွေကအအေးမိတုပ်ကွေးဝေဒနာနဲ့ ဖျားနာခြင်းတို့ မခံစားရတာပဲဖြစ်ပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေခြင်း

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမြင်အာရုံကို ကောင်းမွန်စေတယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ကြမှာပါ။ အစိမ်းရောင်ရှိတဲ့ ကြက်သွန်မြိတ်ထဲမှာလည်း အမြင်အာရုံကို ကောင်းမွန်စေတဲ့ ဗီတာမင် အေဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ဖုန်းအသုံးများတဲ့သူတွေ ရုံးမှာ တစ်နေကုန် ကွန်ပျူတာသုံးနေရတဲ့သူတွေ မဖြစ်မနေစားသုံးသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ကြက်သွန်မြိတ်ထဲမှာ Allyl Sulphide လို့ခေါ်တဲ့ ဆာလဖာဒြပ်ပေါင်းတစ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဒြပ်ပေါင်းက အူမကြီးကင်ဆာဖြစ်ပွားခြင်းကို လျော့ချပေးနိုင်တာကြောင့် သင် ထမင်း စားတဲ့အချိန်တိုင်း ကြက်သွန်မြိတ်လေးကို ခရီးသွားဟန်လွှဲအနေနဲ့ စားသုံးသင့်ပါတယ်။

Source: thehealthsite.com