ဒီစာမျက်နှာလေးမှတဆင့် ဒီတစ်ခေါက် ကျွန်မတင်ပြမဲ့ အရာကတော့ ကျွန်မကို ပေးပို့ထားတဲ့ မေးခွန်းများထဲက တစ်ခုဖြစ်တဲ့ နွားနို့စစ်မစစ် ဘယ်လို စစ်နိုင်သလဲဆို တဲ့ ကြောင်းဘဲဖြစ်ပါတယ်ရှင် ။

နွားနို့ကို စစ်မစစ်အခွဲခြားခင်မှာ နွားနို့ထဲကို မသမာသူ ထုတ်လုပ်သူတွေက ဘာတွေ ရောနှော တတ်သလဲ ဆိုတာလေး ကိုအရင်တင်ပြပါရစေရှင် ။

ပထမဆုံး အရာကတော့ နွားနို့အတုဖြစ်ပါတယ် ။ နွားနို့ လုံးဝ မပါတဲ့ အတွက် ဈေးအပေါဆုံး နည်းမို့ အသုံး အများဆုံး ဖြစ်ပါတယ် ။ နွားနို့ အတု အထဲမှာ ဘာတွေ ပါသလဲဆိုတော့ အစစ်နဲ့ တူအောင် ယူရီးယား၊ Starch (ကော်မှုန့်) ၊ ပေါင်ဒါသကြား ၊ ဆော်ဒါ ၊ စားအုန်းဆီ ၊ အဖြူရောင် ရေဆေးနဲ့ ပျစ်အောင် ခေါင်းလျော်ရည်ကို အချိန်နဲ့ ထဲ့ကြပါတယ် ။ ထဲ့ထားတဲ့ ပစ္စည်းတွေက လူကို ဥပါဒ် အပေးဆုံးမို့ အန္တရာယ် အများဆုံးလဲ ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ ကျွန်မတို့အတော်များများ သိကြတဲ့ေ ရာတာဘဲ ဖြစ်ပါတယ် ။ ဒီနည်းက နွားနို့များများ ပွားစေပြီး ရောတဲ့ ရေမသန့် ပါက လူကို အန္တရာယ်ပေး ပါတယ် ။

နောက်တစ်နည်း ကတော့ အဝတ်လျော် ဆပ်ပြာရည် ရောတာဘဲ ဖြစ်ပါတယ် ။ အဲ့ဒီနည်းက အမြှုပ် ထစေတဲ့ အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါ
တယ် ။ များများ စားသုံးမိပါက အဝတ်လျော် ဆပ်ပြာကြောင့် အူလမ်းကြောင်းနဲ့ကျောက်ကပ်ကို ဒုက္ခပေးပါတယ် ။

နောက်တစ်မျိုး ကတော့ နွားနို့ကိုအထားခံအောင် Benzoin Acid, Salicylic Acid နဲ့ ဖော်မလင် (Formalin) စတာတွေကို ထဲ့တာပါဘဲ ။

နောက်ဆုံး တစ်မျိုးကတော့ နွားနို့ ထဲကို အမိုးနီယား (Ammonium Sulphate) ထဲ့တာပါဘဲ ။ ဒီနည်းက နွားနို့ကို ပျစ်စေ ၊ လေးစေပြီး နွားနို့စံချိန် စစ်တဲ့ ကိရိယာ (Lactometer) က တောင် ရန်ဖန်ရန်ခါ ဖတ်ဖို့ခက်ခဲတဲ့ အတွက် ခွဲခြားဖို့ အခက်ခဲဆုံး အရာဘဲ ဖြစ်ပါတယ် ။

အခုနွားနို့ကို ဘယ်လို ရောနှောတတ်တဲ့ အကြောင်းကို ပြောပြီးပြီမို့ သူတို့ကို ဘယ်လို စစ်ဆေးနိုင်သလဲ ဆိုတာလေးကို တင်ပြ သွားပါမယ်ရှင် ။ အများစုသော အရာတွေက ဓါတ်ခွဲ စစ်ဆေးမှ သိနိုင်တာမို့ ကျွန်မအနေနဲ့ ဓါတ်ခွဲခန်း သုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့ မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး တင်ပြလိုက်ပါတယ် ။

ပထမဆုံးနည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ ကိုရေရော မရောသိချင်ရင်တော့ နွားနို့ကို ချောတဲ့ မျက်နှာပြင် မှန်လိုဟာမျိုး ပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်လိုက်လို့ နွားနို့က မြန်မြန် ရေလို စီးသွားတယ် ဆိုရင်တာ့ ရေပါပြီ ပေါ့ရှင် ။ နွားနို့အစစ်က ရေထက်လေးတော့ ချက်ချင်း မစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ ။ အဲ့ဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင် ။ စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများကို ခန့်မှန်းလို့ ရနိုင်ပါတယ်ရှင် ။

နောက်တစ်နည်း ဖြစ်တဲ့ ဆပ်ပြာရည် ရောထားတဲ့ နွားနို့ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ကိုလက်ညှိုးနဲ့လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချောကျိကျိ နေတာကို တွေ့ရပါ လိမ့်မယ် ။

နောက်ဆုံးနည်း ကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေးခင်မှာ နည်းနည်း ဖယ်ထားပြီး ကျန်တာကို အပူပေး ပြီးရင် အရောင်ချင်း ယှဉ်ကြည့်ပါ ။ လိုအပ်တာထက် ပိုတဲ့ အဝါရောင်ကို ပြောင်းသွားရင်တော့ နွားနို့မစစ်တာ သေချာပြီပေါ့ရှင် ။ အဲ့ဒီတော့ အခု အိမ်မှာ စစ်ဆေးနိုင်တဲ့ နည်းအားလုံးကို ကျွန်မ လက်လှမ်းမှီ သလောက် တင်ပြ ပြီးပြီမို့ ဒါလေးတွေကို အသုံးပြုပြီး မေးလာသူ စာဖတ်သူနဲ့ တကွ စားသုံးသူများ အားလုံး နွားနို့ အတု အန္တရာယ်မှ ရှောင်ရှားနိုင်ကြပါစေလို့ ကျွန်မက ဒီစာမျက်နှာမှ တဆင့် ဆန္ဒပြုလိုက် ရပါတယ်ရှင်။

Credit: မြန်မာအစားအသောက်စားသုံးသူအခွင့်အရေးကာကွယ်ရေးနှင့်ပညာပေးရေး