အကြော်စုံစားတဲ့အခါ ဆလပ်ရွက်နဲ့ တွဲဖက်စားလေ့ရှိတာကတော့ မြန်မာစတိုင်ပဲဖြစ်ပါတယ်။ ကိုရီးယားစတိုင် စားသုံးတဲ့ပုံစံကတော့ ဝက်သုံးထပ်သားကင်၊ အမဲသားကင် စားတဲ့အခါ ဆလပ်ရွက်လေးနဲ့ ထုပ်စားကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝိတ်ကျချင်လို့ Salad Diet စားသုံးတဲ့အခါမှာလည်း ဆလပ်ရွက်က မပါမဖြစ်ပါပဲ။ ဘယ်လိုစတိုင်နဲ့ စားသုံးနေပါစေ၊ အဓိကက ဆလပ်ရွက် များများစားသုံးသင့်တာပဲဖြစ်ပါတယ်။

ဘာ့ကြောင့် ဆလပ်ရွက်များများစားသုံးသင့်တာလဲဆိုတော့…

ဆလပ်ရွက် စားသုံးခြင်းက စိတ်လှုပ်ရှားမှု လွန်ကဲခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ကိစ္စတစ်ခုခု မဆောင်ရွက်ခင်မှာ ကြိုတင်ပူပန်တတ်တာမျိုး စိုးရိမ်စိတ်လွန်ကဲတာမျိုး၊ ဒါမှမဟုတ် စိတ်လှုပ်ရှားမှုလွန်ကဲတာမျိုး အမြဲတမ်းဖြစ်တတ်ပါသလား။ ဒါဆိုရင် ဆလပ်ရွက်များများစားသုံးပေးလိုက်ပါ။ စိုးရိမ်ပူပန်တတ်တဲ့စိတ်တွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

အိပ်စက်မှုကို ကောင်းမွန်စေခြင်း

တစ်နေ့တာလုံး ကောင်းမွန်စွာအလုပ်လုပ်ရှားနိုင်ဖို့အတွက်နဲ့ လန်းဆန်းတက်ကြွနေဖို့အတွက်ဆိုရင်တော့ ညဘက်မှာ နှစ်ခြိုက်စွာအိပ်စက်အနားယူခွင့်ရဖို့လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ညဘက်မှာ တော်တော်နဲ့ အိပ်စက်မရဘူးဖြစ်တတ်တဲ့သူဆိုရင်တော့ ဆလပ်ရွက်ကိုသာ သုံးဆောင်လိုက်ပါ။

ရင်သားကင်ဆာကဲ့သို့ ကင်ဆာရောဂါများကို တိုက်ဖျက်ပေးခြင်း

ယနေ့ခေတ်မှာ အမျိုးသမီးတွေအတွက် စိုးရိမ်ရတဲ့ရောဂါတစ်ခုကတော့ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာရောဂါတို့ပဲဖြစ်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်မှုရှိတယ်ဆိုတဲ့စကားအတိုင်း ရောဂါဖြစ်မှ ဆေးဝါးတွေနဲ့ ကုသတာထက်စာရင် ရောဂါမဖြစ်ခင်ကတည်းက ဆလပ်ရွက်စားသုံးခြင်းဖြင့် ကြိုတင်ကာကွယ်ထားလိုက်ပါ။

ကိုယ်အလေးချိန် ကျစေခြင်း

ဂျင်းနဲ့ ကိုယ်အလေးချိန် လျော့ချရအောင်

ဆလပ်ရွက်ထဲမှာ ရေ ၉၅ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီကတော့ ၅ ကယ်လိုရီသာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျော့ချချင်တဲ့သူတွေအနေနဲ့ ဗိုက်လည်းဝအောင် ဝိတ်လည်းမတက်အောင် ဆလပ်ရွက် များများစားသုံးပေးသင့်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်မားစေခြင်း

ဆလပ်ရွက် စားသုံးခြင်းက ဦးနှောက်ဆဲလ်များ တဖြည်းဖြည်းပျက်စီးသွားပြီး အယ်လ်ဇိုင်းမားရောဂါခံစားရခြင်းမှ ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြီးရင့်လာလို့ မှတ်ဉာဏ်စွမ်းအားမကောင်းတော့တဲ့ အခြေအနေကနေ ကယ်တင်ပေးမယ့် ဟင်းရွက်ကတော့ ဆလပ်ရွက်ပဲဖြစ်ပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

တစ်နေ့ကို ဆလပ်ရွက် နှစ်ကြိမ်ခန့် စားသုံးပေးခြင်းက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဆလပ်ရွက်ထဲမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က သွေးပေါင်ချိန်ကို လျော့ချပေးပြီး နှလုံးရောဂါမဖြစ်ပွားအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် HDL လို့ခေါ်တဲ့ ကောင်းတဲ့ကိုလက်စတောကို မြင့်မားစေပြီး LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးနိုင်ပါတယ်။

Source: stylecraze.com