ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၆၀၀ ခန့်က သွားနှင့်သွားဖုံးကျန်းမာရေး ပြဿနာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားကြရပါတယ်။ ဒါပေမဲ့ ဝမ်းသာစရာသတင်းကောင်းတစ်ခုကတော့ သွားဖုံးသွေးထွက်ခြင်း ကျန်းမာရေးပြဿနာကို မီးဖိုချောင်သုံးအိမ်တွင်းဆေးနည်းများ အသုံးပြုပြီး ပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။

ပလုတ်ကျင်းဖို့အတွက် ဆားရေကို အသုံးပြုပေးပါ

ကြက်သီးနွေး ရေနွေးတစ်ဖန်ခွက်ခန့်ထဲသို့ ပင်လယ်ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး သမအောင်ရောမွှေပေးလိုက်ပါ။ ထို့နောက် ထိုဆားရေကို ငုံထားပြီးနောက် စက္ကန့်သုံးဆယ်ခန့် ပလုတ်ကျင်းလိုက်ပါ။ လေးကြိမ် ငါးကြိမ်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် ပလုတ်ကျင်းပေးလိုက်ပါ။ ပင်လယ်ဆားရေက သွားဖုံးရောင်ခြင်းနဲ့ သွားဖုံးသွေးထွက်ခြင်းတို့ကို သက်သာအောင် ကုသပေးနိုင်ပါတယ်။

လက်ဖက်ခြောက်အိတ် အသုံးပြုပါ

ပွက်ပွက်ဆူနေသော ရေနွေးထဲသို့ လက်ဖက်ခြောက်အိတ် ထည့်စိမ်ထားလိုက်ပါ။ နှစ်မိနစ်ခန့်ကြာတဲ့အခါ လက်ဖက်ခြောက်အိတ်ကို ရေနွေးထဲမှ ထုတ်လိုက်ပြီး အအေးခံထားလိုက်ပါ။

လက်ဖက်ခြောက်အိတ် အေးသွားသောအခါ နာကျင်နေသော သွားဖုံးနေရာမှာ ၅ မိနစ်ခန့် ကပ်ထားလိုက်ပါ။ လက်ဖက်ခြောက်ထဲမှာပါဝင်တဲ့ အက်ဆစ်ဓာတ်တစ်မျိုးက သွားဖုံးရောဂါအတွက် များစွာအထောက်အကူပြုပေးပါတယ်။

တကြွပ်ကြွပ်မြည်သော ဟင်းသီးဟင်းရွက်များ များများစားသုံးပါ

အစားစားပြီးတိုင်းမှာ မုန်လာဥနီ၊ တရုတ်နံနံ စတဲ့ မာကြွပ်တဲ့သစ်သီးများကို စားသုံးပေးခြင်းက သွားကြားထဲမှာ ကပ်ငြိနေတဲ့ အစား အကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ထိုဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းက ခံတွင်းကို သန့်စင်ပေးတဲ့ တံတွေးများ များများထွက်ရှိဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ထိုဟင်းသီးဟင်းရွက်တွေမှာ သကြားဓာတ်ပါဝင်မှု နည်းပါးတဲ့အတွက်ကြောင့် သွားပိုးစားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ပျားရည် အသုံးပြုပါ

အရင်ဦးဆုံး ကြက်သီးနွေးရေနွေးဖြင့် သွားဖုံးကို သန့်စင်ပေးလိုက်ပါ။ ထို့နောက် ပျားရည်အသုံးပြုပြီး သွားဖုံးများကို သုတ်လိမ်းပေးကာ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ဒါပေမဲ့ သတိထားရမယ့်အရာတစ်ခုကတော့ ပျားရည်ကို သွားဖုံးမှာပဲ သုတ်လိမ်းပေးရမှာပါ။ သွားပေါ်မှာ မသုတ်လိမ်းလိုက်ပါနဲ့။
နောက်ထပ် သတိထားရမယ့်အရာတစ်ခုကတော့ မာကြောတဲ့သွားတိုက်တံတွေကို အသုံးပြုမိနေပြီလားဆိုတာပါပဲ။ သွားတိုက်တံတွေကြောင့်လည်း သွားဖုံးများ သွေးထွက်တတ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။

Source: Brightside.me