နွားနို့သောက်သုံးခြင်းနဲ့ ကျန်းမာရေးကောင်းမွန်ခြင်းတို့က တစ်ခုနဲ့ တစ်ခုချိတ်ဆက်နေကြတာပါ။ လူသားအပါအဝင် နို့တိုက်သတ္တဝါတွေ အားလုံးက သူတို့ရဲ့ မွေးကင်းစကလေးငယ်လေးတွေ၊ မွေးကင်းစ အကောင်ပေါက်လေးတွေ မာတဲ့အစားအစာများကို မစားသုံးနိုင်သေးခင်မှာ နို့ကို အာဟာရအဖြစ် သောက်သုံးကြရပါတယ်။

နို့ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပြီး ထိုအာဟာရဓာတ်များက ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြား ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် နို့သောက်သုံးခြင်းက အရိုးများ ကျန်းမာကြံ့ခိုင်အောင် ကူညီပေးခြင်းပဲဖြစ်ပါတယ်။

နို့သောက်သုံးခြင်းနှင့် အရိုးကျန်းမာရေး

နို့ထဲမှာ အရိုးနဲ့ သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အရည်တစ်မျိုးပဲဖြစ်ပါတယ်။ နွားနို့ထဲမှာလည်း အရိုးအဆစ်သန်မာစေတဲ့ ဗီတာမင်ဒီပါဝင်ပါတယ်။ ထိုကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတက အရိုးအားနည်းခြင်း၊ အရိုးပွရောဂါ ခံစားရခြင်း အစရှိတဲ့ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

နွားနို့နှင့် နှလုံးကျန်းမာရေး

နွားနို့မှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က သွေးပေါင်ချိန်ကို မှန်ကန်စေပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နွားနို့တစ်ခုတည်း မဟုတ်ပါဘူး။ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ ဒိန်ချဉ် အစရှိတဲ့ အစားအစာတွေကလည်း ပိုတက်စီယမ်ကြွယ်ဝတာကြောင့် နှလုံးအားကောင်းချင်သူများ မှီဝဲစားသုံးသင့်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။

နွားနို့နှင့် ကင်ဆာရောဂါ

ဗီတာမင်ဒီက ဆဲလ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာပါဝင်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲအထွက်များပြီး နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့သူတွေအနေနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ချေမြင့်မားသလိုပဲ မနက်ခင်းနေရောင်ခြည်ကို လုံလောက်စွာထိတွေ့မှုမရရှိခြင်းကလည်း အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ စတဲ့ အူလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါများ ဖြစ်ပွားနိုင်ချေများပါတယ်။

နွားနို့ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဒီကတော့ ထိုကင်ဆာရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နို့နဲ့ နို့ထွက်ပစ္စည်းများမှရရှိတဲ့ ကယ်လ်စီယမ်နဲ့ Lactose ဓာတ်များက အမျိုးသမီးတွေဆီမှာအဖြစ်များလေ့ရှိတဲ့ သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

နွားနို့နှင့် စိတ်ကျရောဂါ

သင့် ခန္ဓာကိုယ်က ဗီတာမင်ဒီဓာတ်ကို လုံလောက်စွာရရှိမယ်ဆိုရင် စိတ်အပြောင်းအလဲဖြစ်စေသော ဟော်မုန်း၊ အစားစားချင်စိတ်နှင့် အိပ်စက်ခြင်းတို့နဲ့ စပ်ဆိုင်တဲ့ Serotonin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထောက်ပံ့ပေးပါတယ်။

တကယ်လို့ သင့် ခန္ဓာကိုယ်က ဗီတာမင်ဒီဓာတ် ချို့တဲ့နေမယ်ဆိုရင်တော့ စိတ်ကျရောဂါ ခံစားရနိုင်ပြီး အလွန်အမင်းပင်ပန်းနွမ်းနယ်မှုဒဏ်တွေကို ခံစားရတတ်ပါတယ်။

ဒီအချက်လေးတွေကို သိသွားပြီဆိုရင် ဘာ့ကြောင့် နွားနို့ မှန်မှန်သောက်သုံးသင့်သလဲဆိုတဲ့အဖြေကို သိသွားကြမယ်လို့ မျှော်လင့်မိပါတယ်။

Source: Medicalnewstoday.com