သံပုယိုရည်ရော သံလွင်ဆီ နှစ်မျိုးစလုံးမှာ ဆေးဖက်ဝင်အာနိသင် များစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ထိုပစ္စည်းနှစ်မျိုးစလုံးကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်များ၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ Antioxidants များ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး သွေးပေါင်ချိန်ကို မှန်ကန်အောင် ထိန်းညှိပေးနိုင်ပါတယ်။

ပြုလုပ်နည်းလေးကတော့ လွယ်လွယ်လေးပါပဲ။ သံပုယိုရည်ဖျော်သောက်တဲ့အခါတိုင်း သံလွင်ဆီအနည်းငယ် ထည့်ဖျော်သောက်ပေးလိုက်ပါ။ ဒီလိုဖျော်သောက်ပေးခြင်းအားဖြင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ချေဖျက်ရခက်သော ဝမ်းဗိုက်က အဆီပိုများကို ဖယ်ရှားပေးခြင်း

သံလွင်ဆီနဲ့ သံပုယိုရည်ရဲ့ပေါင်းစပ်အာနိသင်က အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးပြီး အစား နည်းနည်းလေးပဲ စားပေမယ့် ဗိုက်မြန်မြန်ပြည့်အောင် ကူညီပေးပါတယ်။ အသည်းနဲ့ သည်းခြေအိတ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကျန်းမာနေစေပါတယ်။ ဝိတ်ချဖို့ ကြိုးစားနေတဲ့သူတွေအနေနဲ့ သံလွင်ဆီ သံပုယိုရည်ကို သောက်သုံးပေးလိုက်ပါ။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း

သံလွင်ဆီနဲ့ သံပုယိုရည်မှာ ပါဝင်တဲ့ Antioxidants နဲ့ ဗီတာမင်အီးတို့က အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း၊ ပါးရေတွန့်ခြင်းတို့ကို နှေးကွေးစေပြီး ငယ်ရွယ်နုပျိုနေစေပါတယ်။ ဒီဖျော်ရည်က အသည်း၊ ကျောက်ကပ်နှင့် အစာအိမ်တို့ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့လည်း ကူညီပေးပါတယ်။

ဆံကေသာအလှအပ၊ အသားအရေအလှအပနှင့် လက်သည်းခြေသည်းအလှအပကို အထောက်အပံ့ပေးခြင်း

သင့်ရဲ့ဆံကေသာနှင့် လက်သည်းခြေသည်းတို့က လုံလောက်တဲ့ အစိုဓာတ်ကို မရရှိပါက မာကြောကြွပ်ဆတ်ပြီး ခြောက်သွေ့ပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် ဆံကေသာ၊ အသားအရေနှင့် လက်သည်းခြေသည်းတို့ အစိုဓာတ်ရရှိနိုင်ဖို့အတွက် သံလွင်ဆီနှင့် သံပုရာရည်အကူအညီ ရယူလိုက်ပါ။

သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန် မှန်ကန်အောင် ထိန်းညှိပေးခြင်း

သံလွင်ဆီက သွေးခဲခြင်း မဖြစ်ပေါ်အောင် ကာကွယ်ပေးပြီး သွေးလှည့်ပတ်မှု ကောင်းမွန်အောင် ကူညီပေးပါတယ်။ သံပုယိုရည်ရဲ့ ဗီတာမင်စီဓာတ်ကတော့ သွေးတိုးသမားတွေအတွက် အထူးကောင်းမွန်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

Source: Nutritionexp.com