မုန်လာဥနီက အာဟာရဓာတ်များ ကြွယ်ဝတဲ့ သစ်သီးသစ်ဖုတစ်မျိုးပဲဖြစ်ပါတယ်။ ထိုမုန်လာဥနီက Antioxidants များ၊ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

မုန်လာဥနီကို အကြော်၊ အချက် (သို့) အစိမ်းလည်း စားနိုင်သလို ဖျော်ရည်အဖြစ် ဖျော်သောက်လို့လည်း ရပါသေးတယ်။ မုန်လာဥနီဖျော်ရည်ကို ပုံမှန်ဖျော်သောက်ခြင်းကြောင့် အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးများ ခံစားရရှိနိုင်ပါတယ်။

အမြင်အာရုံ ကောင်းမွန်စေခြင်း

လူတစ်ယောက်က ဗီတာမင်အေ အားနည်းတဲ့အခါ သူ့ရဲ့အမြင်အာရုံတွေက အားနည်းလာတတ်ပါတယ်။ ဒါ့ကြောင့် အမြင်အာရုံကောင်းမွန်ဖို့အတွက် ဗီတာမင် အေ ကြွယ်ဝစွာပါဝင်တဲ့ မုန်လာဥနီကို များများသောက်သုံးပေးသင့်ပါတယ်။ တစ်နေ့ကို တစ်လုံး၊ နှစ်လုံးခန့်ကို ဖျော်ကာ သောက်သုံးပေးမယ်ဆိုရင်ပဲ လုံလောက်ပါပြီ။

အသားအရေအလှအပကို တိုးတက်စေခြင်း

မုန်လာဥနီက Carotenoids ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်ပါတယ်။ သုတေသနာပညာရှင်များရဲ့ အကြံပြုချက်အရ ထိုဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်တဲ့ မည်သည့်သစ်သီး ဟင်းသီးဟင်းရွက်မဆို စားသုံးပေးပါက အသားအရေအလှအပကို တမဟုတ်ချင်း လှပစေတယ်လို့ သိရှိရပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

မုန်လာဥနီမှာ ကိုယ်အလေးချိန် လျော့ချပေးရာမှာ ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ သုတေသနလေ့လာချက်မားအရ မုန်လာဥနီဖျော်ရည်ကို မှန်မှန်သောက်သုံးပေးပါက ခန္ဓာကိုယ်တွင်းရှိ အဆီပိုများ၊ အထူးသဖြင့် ဝမ်းဗိုက်အဆီပိုများကို ဖယ်ရှားပေးနိုင်တယ်လို့ သိရှိရပါတယ်။

နှလုံးအားကောင်းစေခြင်း

မုန်လာဥနီဖျော်ရည်သောက်သုံးပေးခြင်းက ကိုလက်စတောပမာဏ မြှင့်မားခြင်းကို လျော့ချပေးပြီး နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာကြောင့် နှလုံးနှင့် ပတ်သက်တဲ့ ရောဂါဝေဒနာများ မခံစားရအောင် ကာကွယ်ပေးပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်မားစေခြင်း

မုန်လာဥဖျော်ရည်ထဲမှာ ပါဝင်တဲ့ Beta-Carotene ဓာတ်က မှတ်ဉာဏ်အားကောင်းအောင် စွမ်းဆောင်ပေးပြီး အသက်အရွယ်ကြီးရင့်ခြင်းကြောင့် မှတ်ဉာဏ်စွမ်းအားကျဆင်းခြင်းမျိုးမှလည်း ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုကလည်း ဦးနှောက်ဆဲလ်များကို ပျက်စီးစေတာကြောင့် စိတ်ဖိစီးမှု ခံစားရခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

မုန်လာဥနီ သောက်သုံးခြင်းကြောင့် အထက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးများအပြင် အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ခံစားရရှိစေပါတယ်။

Source: Stylecraze.com