အစားမှားပြီး ကြို့ထိုးနေသူတစ်ဦးကို အသက်ကြီး အဖိုးတစ်ဦးက ရှေးနည်းဟုဆိုကာ ငရုတ်ကောင်းစေ့ကို အပ်ဖျားတွင်စိုက်ပြီး ဖယောင်းတိုင် မီးဖြင့် ကင်သည်။ ငရုတ်ကောင်းစေ့မှ မီးလောင်ပြီး အခိုးအငွေ့များ ထွက် လာသည်။ ထိုအငွေ့များကို ရှူရှိုက်ခိုင်းရာ မကြာမီ ကြို့ထိုးပျောက် သွား သည်ဟု ကိုယ်တွေ့ကြုံသူ ပြောပြ ၍သိရပါသည်။

နှာခါင်းသွေးလျှံသူကို ငရုတ်ကောင်းအမှုန့်ကို နွားနို့ တစ်ခွက်တွင် ရောဖျော်ပြီးတိုက်သောအခါ နှာခေါင်း သွေးလျှံရပ်သွားသည်ဟု ဆိုသည်။ထူးခြားသော ငရုတ် ကောင်းအသုံးပြုသည့် ဆေးမြီးတိုများဖြစ်ပြီး ရှေးက လူကြီးများ လက်ဆင့်ကမ်းခဲ့ကြသည့် ရိုးရာနည်း (Traditional Metho) များဖြစ်သည်။ သိပ္ပံနည်းကျ သည်၊ မကျသည်မသိသော်လည်း တိုက်ဆိုင်သူများ အမှန်တကယ်ပျောက် ကင်းခဲ့သော အလွယ်နည်း များဖြစ်သည်။ ငရုတ်ကောင်းဟူသည် ဟင်းခတ်အမွှေးအကြိုင် အဖြစ်သာသုံးကြပြီး အရေးပေါ်ဆေးမြီးတိုအဖြစ် သုံးနိုင်သည်ကို သိရှိသူ နည်း မည် ထင်ပါသည်။

ငရုတ်ကောင်းပင်၏ မူရင်းထွက်ရှိရာဒေသမှာ အိန္ဒိယနိုင်ငံမှဖြစ်သည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ ကမ္ဘာသစ်ရှာဖွေသူကိုလံဘတ်သည် အိန္ဒိယနိုင်ငံမှ သစ်ကြံပိုး၊ ငရုတ်ကောင်းနှင့် လေးညှင်း တို့ကို ၁၄၉၂ ခုနှစ်ကပင် သယ်ယူခဲ့သည်ဟု မှတ်တမ်း များရှိပြီး ၁၆ ရာစုတွင် ဥရောပတိုက်၊ အင်္ဂလန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ဟင်းခတ်အမွှေး အကြိုင်အဖြစ် ကုန်သွယ်ခဲ့ကြသည်ဟုဆိုသည်။

အရှေ့ တောင်အာရှ ကမ်းရိုးတန်းရှိသော နိုင်ငံများနှင့် မြန်မာ နိုင်ငံတွင် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းများတွင် ငရုတ်ကောင်းပင်သည် အမြဲစိမ်းသော ပင်စည်ရှိ၍ အဆစ်များပါရှိကာ ကွမ်းပင်နှင့်သဏ္ဌာန်တူသည်။ နွယ်ပင်မျိုးဖြစ်၍ အခြားအပင်အားနွယ်တက်ရာ အမြင့် ပေ ၂ဝထိအောင် တက်သည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံမှအခြေခံလာသော အာယုဗ္ဗေဒဆေး ပညာတွင် ‘ တြိကဋုတ် ၃ ပါး’ ဟူ၍ရှိသည်။
ထိုသုံးပါးမှာ (၁) ငရုတ်ကောင်း (၂) ပိတ်ချင်း (၃) ချင်းတို့ဖြစ်သည်။ ဆေးဖက်ဝင် အစပ်သုံးမျိုးတွင် ငရုတ်သီးမပါသည်ကို တွေ့ရသည်။ အထက်ပါအစပ်သုံးပါးပါဝင်သော ဆေး များသည် အပူဆေး(ဆေးပူ)များဖြစ်သည်။

အခိုးပွင့်စေ သောဆေး၊ ချွေးထွက်ပြီး အဖျားကျစေသောဆေးများ ဖြစ်သည်။ အစာကြေဆေး ဝမ်းမီးတောက်ဆေးများတွင် ငရုတ်ကောင်း ပါဝင်သည်။ ငရုတ်ကောင်းကို ဆေးအဖြစ်အသုံးပြုရာတွင် အနက် ရောင် ငရုတ်ကောင်းစေ့များကို ရွေးချယ်ရမည်ဟု ပရဆေးကျွမ်းကျင်သူ ဆရာကြီးတစ်ဦးက ပြောပြဖူးပါ သည်။ အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ငရုတ်ကောင်း သည် ပြည်တွင်းမှထွက်သော ငရုတ်ကောင်းထက် ပို၍ အရောင်နက်သည်ကို တွေ့ရသည်။ အကယ်၍ ပြည် တွင်းမှထွက်သော ငရုတ်ကောင်းကိုသာ သုံးစွဲမည် ဆိုပါက ဆေးဖော်မည့် ငရုတ်ကောင်း စေ့များကို ရေတွင် စိမ်လိုက်ပါ။

ရေမြုပ်သော ငရုတ်ကောင်းစေ့များသည် အဆန်ပြည့်ပြီး အာနိသင်ထက်ကာ ရေပေါ်သောငရုတ် ကောင်းစေ့ များသည် အဆန်မပြည့် အာနိသင်မရှိသော ငရုတ်ကောင်းစေ့များဖြစ်၍ အသုံးမပြုဘဲ ပယ်ပစ် ရမည်။ ငရုတ် ကောင်းစေ့အစား မြေဆူပန်း အစေ့ များကို ရောနှောရောင်းချသည့် မသမာသူများရှိသည်။ သေချာ စစ်ဆေးခွဲခြားရန်လိုသည်။ ပုံသဏ္ဌာန် အရွယ်အစားတူ သော်ငြားလည်း ဝါးစား ကြည့်လျှင် ငရုတ်ကောင်းကဲ့သို့ ပူစပ်ခါးအရသာမရှိသည်ကို တွေ့နိုင်သည်။

ငရုတ်ကောင်းသည် ချမ်းတုန်ဖျား၊ ငှက်ဖျားရောဂါ အတွက်လည်း အလွန်ထိရောက်သောဆေးဖြစ်သည်။ ရိုးမတောင်ခြေတွင်ဝါးခုတ်သော လုပ်သားအဘိုးက ငရုတ်ကောင်းနှင့်ရှိန်းခိုကို ဆတူရောကြိတ်ထားပြီး နေ့စဉ်နံနက်အိပ်ရာထသည်နှင့် မကျည်းစေ့ခန့် စားသုံး ပေးလျှင် ငှက်ဖျားရောဂါမဖြစ်နိုင်ကြောင်းနှင့် သူ၏အတွေ့အကြုံအရ လက်တွေ့သုံးစွဲကြောင်းပြောပြဖူး သည်။

ရှေးဆေးကျမ်းများအလိုအရ ငရုတ်ကောင်းကို မိခင် နို့ထွက်ဆေးအဖြစ် အသုံးပြုသည်ကိုလည်း တွေ့ရသည်။ ဟင်းခါးတစ်မျိုးမျိုးချက်ပြီး ငရုတ်ကောင်းအမှုန့်ခတ် ပြီးတိုက်ခြင်းဖြင့် နို့ထွက်စေသည်ဟုဆိုသည်။ အစပ် အမျိုးမျိုးသည် ဆီးကိုပူစေတတ်သော်လည်း ငရုတ် ကောင်းသည် ဆီးပူရောဂါကို သက်သာစေသည်။ ငရုတ် ကောင်း အပူအစပ်သည်မျက်စိကိုလည်း မထိခိုက်စေ နိုင်ဟု ဆိုသည်။

ငရုတ်ကောင်းအမှုန့်ကို ပျားရည်နှင့်ရောစပ်ပြီး လျက် ပေးပါက ရင်ချောင်စေပြီး ချောင်းအဆက်မပြတ်ဆိုး သောရောဂါ၊ သလိပ်မရသောရောဂါများကို သက်သာ စေနိုင်သည်။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့်ရောပြီး လျက်ပေးပါက
လေထိုးလေအောင့်ရောဂါ၊ အစာအိမ် ရောဂါများ ပျောက်ကင်းစေနိုင်သည်။

မီးတွင်းဆေးအဖြစ် ငရုတ်ကောင်းကို ချင်း၊ ပိတ်ချင်း သီး၊ ယင်းပြား၊ ကန့်ချုပ်နီ၊ မဟာဂါ၊ ဒန့်သလွန်မြစ်တို့နှင့် ဆတူပေါင်းစပ်၍ဆေးဖော်သည်ကို တွေ့ရသည်။ မီးယပ်ချမ်းတုန်ဖျားများအတွက် ကောင်းသည်။ သွေးတက်ပါက နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်ပါသော ဆေးကို ဆတူစပ်ပြီး နှာခေါင်းခါင်းအတွင်းသို့ မှုတ်သွင်း ခြင်းဖြင့် အတက်ကျစေနိုင်သည်။

ပဋိသန္ဓေရှိလျက်နှင့် သွေးဆင်းသောရောဂါတွင် ငရုတ်ကောင်းနှင့် စမုံနက်၊ ပိတ်ချင်း၊ ဒန့်သလွန်မြစ်၊ ဥသျှစ်ကင်း၊ မိဿလင်၊ ဆောင်းမေခါး ရောစပ်ပြီး ဆေး ဖော်စပ်၍ ပျားရည်နှင့်ရောပြီးတိုက်လျှင် ပျောက် သည်ဟု မြန်မာ့ဆေးကျမ်းများတွင်တွေ့ရသည်။

သွားနာရောဂါဖြစ်လျှင်၊ သွားအခေါင်းပေါက်ရှိလျှင် ရှေးဆေးကျမ်းများအလိုအရ ‘ငါးပိလက်လေးသစ်’ဟူသော စာဆိုနှင့်အညီ ငရုတ်ကောင်း၊ ပိတ်ချင်း၊ လက် ချား၊ လေးညှင်း၊ သစ်ကြံပိုးတို့ကို ဆတူရော၍ အမှုန့် ကြိတ်ပါ။ ထိုအမှုန့်ကို သွားပိုးပေါက်အခေါင်းတွင် သိပ် ပေးခြင်း၊ ငုံပေးခြင်း၊ အမှုန့်ဖြင့်သွားတိုက်ပေးခြင်း ပြုလုပ်ပါက သွားနာရောဂါကို သက်သာစေနိုင်သည်။

နှာစေးချောင်းဆိုး၊ အအေးမိတုပ်ကွေး အဖျားမပြတ် လျှင် ကျောက်ဖရုံသီးကို ငရုတ်ကောင်းမှုန့်နိုင်နိုင် ခပ်၍ ဟင်းခါးချက်ကျွေးလျှင် ချွေးများ ထွက်၍ အဖျား သက်သာစေနိုင်သည်။ ချောင်းခြောက်ဆိုးလျှင်လည်း ငရုတ်ကောင်းမှုန့်ကို ပျားရည်ဖြင့်စပ်၍ လျက်ပေးလျှင် လည်း သက်သာ စေနိုင်သည်။

ကုသရခက်သော နှင်းခူရောဂါဖြစ်လျှင် ငရုတ်ကောင်း နှင့် ကြွေပုပ်စေ့ကို ရော၍ပြာချပြီး အုန်းဆီဖြင့်လိမ်းလျှင် သက်သာပျောက် ကင်းစေနိုင်သည်။ အခြားတစ်နည်းမှာ ငရုတ်ကောင်း၊ ပိတ်ချင်း၊ ချင်းခြောက်၊ ဆေးဒန်း၊ ကန့် တို့ကို ဆတူရော၍ အမှုန့်ပြုကာ အုန်းဆီ သို့မဟုတ် ရေနံချေးဖြင့်လိမ်းလျှင် နှင်းခူနာကြီးများကို ကွာကျစေ နိုင်သည်။

နို့တိုက်မိခင်များ နို့ကောင်းစွာမထွက်လျှင် ရှားစောင်း လက်ပပ်ကို ဟင်းခါးချက်၍ ငရုတ်ကောင်းမှုန့် နိုင်နိုင် ထည့်သောက်လျှင် နို့ထွက်စေ နိုင် သည်။ အခြားတစ်နည်း မှာ ရှားစောင်းလက်ပပ်အမြစ်ကို အနည်းငယ်ထုထောင်း ပြီး ငရုတ်ကောင်းမှုန့်နှင့်ရော၍ ဟင်းခါးချက်သောက် လျှင် နို့ ကောင်းစွာထွက်သည်ဟု ဆိုသည်။

ရှေးကလူကြီးများသည် အသက်ရှည်ဆေးအဖြစ် မြင်းခွာရွက်ကို အသုံးပြုသကဲ့သို့ ညောင်းညာကိုက်ခဲ ပျောက်ဆေးအဖြစ် ငရုတ်ကောင်းကို အသုံးပြုသည်။ အခိုးပွင့်ဆေး၊ ချွေးထွက်ဆေးအဖြစ်လည်း အသုံးပြု သည်။ အသက်ရှည်ကျန်းမာစေရန်အတွက် မြင်းခွာရွက် အခြောက်မှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ပျားရည်ကို ရောတေပြီး ဆေးအဖြစ်နေ့စဉ်စားသုံးပါက အညောင်း အညာကင်းပြီး အသက်ရှည်စေနိုင်သည်ဟု ရှေးဆေး နည်းအသုံးများတွင် ဖော်ပြထားသည့် ငရုတ်ကောင်း၏ အသုံးဝင်အစွမ်းထက်ပုံများကို တင်ပြလိုက်ရပါသည်။

Credit: သုတရမျှဝေမယ်
ကြည်လွင်မြင့်(မုဒြာ)
Myanmaalinn