သခွားသီးကို ရှေးလွန်းခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အိန္ဒိယနိုင်ငံမှာ တိုင်းရင်းဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒီလိုဘာ့ကြောင့် အသုံးပြုကြသလဲဆိုတော့ အိန္ဒိယနိုင်ငံလို ပူအိုက်တဲ့နိုင်ငံမျိုးမှာ သခွားသီးက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်လို့ပဲဖြစ်ပါတယ်။

သခွားသီးကို နေ့တိုင်းစားသုံးပေးခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးစေတဲ့အပြင် အခြားကောင်းကျိုးမြောက်မြားစွာလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ကိုယ်အလေးချိန် မြန်မြန်ကျစေခြင်း

သခွားသီးမှာ ပါဝင်တဲ့ရေဓာတ်က အစားအစာများကို အလွန်အကျွံမစားသုံးမိအောင် ထိန်းချုပ်ပေးတဲ့အတွက်ကြောင့် ဝိတ်ကျချင်သူများအနေနဲ့ နေ့တိုင်းစားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ သခွားသီးထဲမှာ အဆီဓာတ်လည်း မပါဝင်တဲ့အပြင် ကယ်လိုရီပမာဏလည်း နည်းပါးစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ထိန်းချင်သူများအတွက် အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို လျော့ချပေးခြင်း

ကင်ဆာရောဂါ ရှာဖွေကုသရေးသုတေသီတွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့အရာတစ်ခုက သခွားသီးထဲမှာ ပါဝင်ပါတယ်။ ထိုအရာကတော့ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို လျော့ချပေးတဲ့ Flavonoid လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

သခွားသီးထဲမှာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်နဲ့ ရေဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် သခွားသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်များက အစာကြေလွယ်စေတာကြောင့် သခွားသီးနေ့တိုင်းစားသုံးမယ်ဆိုရင် အစာမကြေခြင်းနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါလိမ့်မယ်။

တစ်နေ့တာလုံးရေဓာတ်ပြည့်ဝနေခြင်း

သခွားသီးထဲမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒါ့ကြောင့် သင်က ရေသောက်ဖို့ မကြာခဏမေ့တတ်တယ်ဆိုရင် သခွားသီးတစ်လုံးကို နေ့စဉ်နေ့တိုင်း မှန်မှန်စားသုံးပေးနိုင်ပါတယ်။

အသားအရေက ပိုမိုနူးညံ့လာပြီး ပိုမိုတောက်ပလာခြင်း

သခွားသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို ကုသပေးမှာပဲဖြစ်ပါတယ်။

ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးခြင်း

သခွားသီးထဲမှာပါဝင်တဲ့ ဗီတာမင်ဘီက ဦးရေပြားနဲ့ ဆံကေကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီး ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကိုလည်း ကုသပေးနိုင်ပါတယ်။

အရိုးအဆစ်များကို ကြံ့ခိုင်သန်မာစေခြင်း

သခွားသီးထဲမှာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ကေနဲ့ ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် သခွားသီးကို နေ့တိုင်းစားသုံးပေးမယ်ဆိုရင် အရိုးပွရောဂါနဲ့ အရိုးအားနည်းခြင်းတို့မှ ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း

သခွားသီးကို နေ့တိုင်းစားသုံးပေးခြင်းက အသည်းနဲ့ အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

သွားများ ကျန်းမာကြံ့ခိုင်အောင် ကူညီပေးခြင်း

သခွားသီးထဲမှာ သွားများ ဆွေးမြေ့ခြင်း၊ သွားပိုးစားခြင်းတို့ကို ကာကွယ်ပေးတဲ့ ဖလိုရိုက်နဲ့ Molybdenum တို့ ပါဝင်တာကြောင့် ကျန်းမာကြံ့ခိုင်တဲ့သွားများ ပိုင်ဆိုင်စေဖို့ စွမ်းဆောင်ပေးပါလိမ့်မယ်။

Source: Brightside.me