ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခရမ်းချဉ်သီးဖျော်ရည်ကို စူပါဖျော်ရည်အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ထဲမှာဆိုရင် ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ဗီတာမင် B1 ၊ B2 ၊ B3 ၊ B5 နဲ့ B6 တို့အပြင် မဂ္ဂနီစီယမ်ဓာတ်၊ သံဓာတ်နဲ့ ဖော့စဖရပ်စ်စတဲ့ သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။

ထိုဗီတာမင်နဲ့ သတ္တုဓာတ်များအားလုံးက ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်လည်း အသုံးဝင်တာပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးခြင်းအားဖြင့် အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးလေးတွေရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဗီတာမင်အေနဲ့ ဗီတာမင်စီ

ခရမ်းချဉ်သီးဖျော်ရည်ထဲမှာ ပါဝင်တဲ့ ဗီတာမင်အေနဲ့ ဗီတာမင်စီက ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ကြည်လင်ပြတ်သားတဲ့အမြင်အာရုံကို ရရှိပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်။ ထိုဗီတာမင်ဓာတ်များက အရိုးနဲ့ သွားများ ကျန်းမာကြံ့ခိုင်နေအောင်လည်း ကူညီပေးမှာပဲဖြစ်ပါတယ်။

ကိုလက်စတောဓာတ်များ မြင့်တက်မသွားအောင် ကာကွယ်ပေးခြင်း

ခရမ်းချဉ်သီးဖျော်ရည်ထဲမှာပါဝင်တဲ့ အမျှင်ဓာတ်များက LDL လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ကိုလက်စတောများကို ချေဖျက်ပေးပါတယ်။ သူ့ထဲမှာ Niacin (သို့) ဗီတာမင် B3 ဓာတ် ပါဝင်ပြီး ကိုလက်စတောပမာဏကို တည်ငြိမ်အောင် ထိန်းညှိပေးပါတယ်။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

ဒီအချက်ကတော့ ဝိတ်ကျချင်သူတွေအတွက် သတင်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေမှာဖြစ်ပြီး မကြာခဏဗိုက်မဆာအောင်လည်း ကူညီပေးမှာပဲဖြစ်ပါတယ်။ ကယ်လိုရီဓာတ်နည်းပါးပြီး အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီးဖျော်ရည်လေးပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း

ခရမ်းချဉ်သီးထဲမှာ ကလိုရင်းနဲ့ ဆာလဖာတို့ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲက အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးမှာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့အတွက် အဓိကတာဝန်ယူရတဲ့ အင်္ဂါအစိတ်အပိုင်းနှစ်ခုကတော့ ကျောက်ကပ်နဲ့ အသည်းပဲဖြစ်ပါတယ်။ ထိုအရေးကြီးအင်္ဂါအစိတ်အပိုင်းနှစ်ခု ကျန်းမာပြီး ကောင်းစွာအလုပ်လုပ်နိုင်ဖို့အတွက်ဆိုရင်တော့ ခရမ်းချဉ်သီးဖျော်ရည်ကို မှန်မှန်သောက်သုံးသင့်ပါတယ်။

အသားအရေလှပစေခြင်း

အသားရေစိုပြေလှပချင်သူများအနေနဲ့ ခရမ်းချဉ်သီးဖျော်ရည်ကတော့ ဦးစားပေး သောက်သုံးသင့်တဲ့ဖျော်ရည်ပဲဖြစ်ပါတယ်။ အမဲစက်များ ဖယ်ရှားပေးခြင်း၊ ချွေးပေါက်များ ကျဉ်းစေခြင်း၊ အသားအရေ အရောင် မညီမညာဖြစ်ခြင်း စတဲ့ အသားအရေပြဿနာများအားလုံးကို ဖယ်ရှားရှင်းလင်းပေးမှာပဲဖြစ်ပါတယ်။

ဆံကေသာအလှအပအတွက် အထောက်အကူပြုခြင်း

ခရမ်းချဉ်သီးဖျော်ရည်ထဲမှာပါဝင်တဲ့ ဗီတာမင်နဲ့ သံဓာတ်တို့က ဆံကေသာ မဲခြောက်ခြောက်ဖြစ်ခြင်း၊ ကျိုးကြေပျက်စီးခြင်း၊ ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်း စတဲ့ပြဿနာများ အားလုံးကို ကူညီဖယ်ရှားပေးပါတယ်။

ခေါင်းလျှော်ပြီးသွားတဲ့အခါ ခရမ်းချဉ်သီးဖျော်ရည်လေးကို Conditioner အသုံးပြုသလိုမျိုးပဲ ဆံပင်အနှံ့ သုတ်လိမ်းပေးလိုက်ပါ။ ၄ မိနစ်၊ ၅ မိနစ်ခန့်ကြာမှ ရေပြန်ဆေးချလိုက်ရင်ရပါပြီ။

Source: stylecraze.com