ဟားဗတ်ရဲ့ စစ်တမ်းတစ်ခု အရ ဆိုရင် (အသက် ၂၄နှစ်အထက် လူပေါင်း ၁၂၄၀၀၀ကို အခြေပြု ကောက်ထား) ဖလေဗိုနွိုက် (Flavonoids) နဲ့ အင်တီအောက်စီဒင့် (antioxidants) ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံတွေကို စားသုံးတဲ့ လူတွေဟာ ကိုယ်အလေးချိန် နည်းနည်းချင်း လျော့ချနိုင်တာကို တွေ့ရပြီး ဖလေဗိုနွိုက် (Flavonoids) သုံးမျိုး ပါဝင်တဲ့ အစားအစာတွေ စားသုံးတာကတော့ ကယ်လိုရီ နည်းနည်းနဲ့ စွမ်းအင်များများ ရနိုင်တယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်။

ဒီတော့ အသီးအနှံတွေ များများစားခြင်းဟာ ကိုယ်အလေးချိန်လျော့ချဖို့ အကောင်းဆုံး နည်းလမ်းလို့ ဆိုရပါမယ်။ အဲ့ထဲကမှ နေ့တိုင်း စားပေးသင့်တဲ့ အသီး ၄မျိုးကို ပြောပြပေးပါမယ်။

ပန်းသီး

အမေရိကမှာတော့ ဒုတိယ လူကြိုက်အများဆုံး အသီးပါ ပထမကတော့ ငှက်ပျောသီးလို့ ဆိုပါတယ်။ ဘာကြောင့် လူကြိုက်များလဲဆိုတော့ ဝိတ်ထိန်းရာမှာ ကောင်းကောင် းအသုံးချနိုင်လို့ပါ။ ပန်းသီးမှာ ပါဝင်တဲ့ ဖလေဗိုနွိုက် ပေါ်လီမာ (flavonoid polymers) ဓာတ်ဟာ သကြားဓာတ်ကိုလည်း လျော့ချပေးထားပါတယ်။

ပန်းသီးမှာ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာကြောင့် သွေးထဲမှာ ရှိတဲ့ အဆီတွေကို ချေဖျက်ပေးပါတယ်။ ပန်းသီးလို့ ဆိုရာမှာ ပန်းသီးတိုင်းမှာတော့ ဒီလိုမျိုး ညီတူညီမျှ ပါဝင်နေတာ မဟုတ်ရပါဘူးလို့ Nutrition Journal က ဆိုပါတယ်။

မြန်မာပြည်မှာ အတွေ့များတတ်တဲ့ ပန်းသီးတွေမှာတော့ flavonoids ပါဝင်မှု များပါတယ်။ ညဘက် အစားလျှော့စားသူတွေ အတွက်ကတော့ ပန်းသီးဟာ ဗိုက်ပြည့်စေတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

သစ်တော်သီး

Pears

ပန်းသီးလိုပဲ pectin ဓာတ်တွေရဲ့ အရင်းအမြစ်ဖြစ်ပြီး flavonols, flavan-3-ols တွေ အများအပြား ပါဝင်ပါတယ်။ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ အသီးဖြစ်ပြီး အလေးချိန် လျော့ချလိုသူတွေအတွက်လည်း နေ့တိုင်းစားသုံးသင့်တဲ့ အသီး ဖြစ်ပါတယ်။ ဘယ်ရီသီး စားခြင်းထက် သစ်တော်သီး (သို့) ပန်းသီး စားသုံးခြင်းဟာ အလေးချိန်လျှော့ချမှုကို ပိုပြီး အားပေးတယ်လို့ အာဟာရ ပညာရှင် တစ်ဦးက ပြောပါတယ်။

သစ်တော်သီး စားခြင်းဟာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်တွေရဲ့ လေးပုံ တစ်ပုံကို ထောက်ပံ့ပေးပြီး အူရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေပါတယ်။

ဘလူးဘယ်ရီ (Blueberries)

ဘလူးဘယ်ရီမှာ anthocyanin နဲ့ antioxidants တွေ ပါဝင်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ ရောင်ရမ်းနာတွေကို ကာကွယ်ပေးပါတယ်။ anthocyanin ဟာ ကိုယ်အလေးချိန်း ထိန်းရာမှာ ကူညီပေးပါတယ်။ ဘလူးဘယ်ရီ ဖျော်ရည်ကို ခွက်တစ်ဝက် သောက်ရုံနဲ့ anthocyanin ဓာတ်တွေ ရာပေါင်းများစွာ ရရှိနိုင်တာမို့ ဝိတ်ချနေသူတွေ အတွက်တော့ သတင်းကောင်းပါပဲ။

အာဟာရပညာရှင် တစ်ယောက်ကတော့ “ယုံချင်ယုံ မယုံချင်နေပါ အေးစက်နေတဲ့ ဘလူးဘယ်ရီမှာ anthocyanin အမြင့်ဆုံး ရှိနေတတ်ပါတယ် လတ်ဆတ်နေတဲ့ အသီးတော့ ဖြစ်ပါစေလို့” ပြောထားပါတယ်။ ကဲ ဘလူးဘယ်ရီ ဖျော်ရည်အေးအေး တစ်ခွက်တော့ သောက်သင့်နေပြီနော်။

စတော်ဘယ်ရီ

ဒီအချိန်မှာ စားဖို့ အသင့်တော်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ပေါပေါများများ ဝယ်နိုင်နေလို့ပါ။ စတော်ဘယ်ရီမှာ antioxidants မျိုးစုံ ပါဝင်ပြီး anthocyanin (ဘလူးဘယ်ရီလောက်တော့ မများ)နဲ့ flayonols တို့ အားဖြည့်ထားတဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် အမြင်အာရုံကို ပိုပြီး ကောင်းမွန်စေသလို အသားအရေကိုလည်း အကောင်းဆုံး အထောက်အကူ ပြုပါတယ်။

မလိုအပ်တဲ့ အဆီတွေကို ဖယ်ပေးပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ သွေးအတွင်းက သကြားဓာတ်ကို ထိန်းညှိပေးတဲ့ အတွက် ဆီးချိုသမားတွေ စားသုံးသင့်တဲ့ အသီးပါ။ သုတေသီ တချို့ရဲ့ စမ်းသပ်မှု အရ ဆီးချိုဖြစ်နေတဲ့ ကြွက်၂ကောင်ကို စတော်ဘယ်ရီ မှန်မှန်ကျွေးပြီး ဆီးချိုကို လျော့ချစေခဲ့ပါတယ်။

ကိုယ်အလေးချိန်လည်း ထိန်းရင်း ကျန်းမာရေးအတွက်ပါ စားမယ်ဆိုရင်တော့ ၄မျိုးစလံးု မဟုတ်တောင် ဝယ်ယူဖို့ လွယ်ကူမယ့် အသီးတစ်မျိုးမျိုးကို နေ့တိုင်း စားသုံးပေးသင့်ပါတယ်။ စားသုံးရာမှာ တစ်ခု သတိပြုစေချင်တာကတော့ အသီးတွေကို ရေနဲ့ ဆေးကြောပြီးမှ စားသုံးစေချင်ပါတယ်။

ပိုးသတ်ဆေးနဲ့ တခြားဓာတုဗေဒ နည်းတွေရဲ့သံသယကလည်း ကင်းရှင်းစေချင်လို့ပါ။ အားလုံးပဲ ကျန်းမာပြီး အလှ တိုးနိုင်ကြပါစေ။

Source : www.prevention.com