ပျားရည်ပဲဖြစ်ဖြစ်၊ ကော်ဖီမှုန့်ပဲဖြစ်ဖြစ် ဖန်ဘူးနဲ့ထည့်သုံးတဲ့အခါ တစ်ခါတစ်လေ ဒုက္ခရောက်ဖူးကြမှာပါ။ လေလုံပြီး ဖန်ဘူးအဖုံးကြပ်သွားတာကြောင့် လက်နဲ့ဘယ်လောက်ပဲဆွဲဖွင့်ပါစေ။ လက်ဖဝါးကြီးသာရဲသွားမယ်။အဖုံးပွင့်မလာပါဘူး။ ဒါကြောင့်မို့လို့ အဲ့ဒီ့လိုဖွင့်ရခက်တဲ့အခါမျိုးမှာ လွယ်လွယ်ကူကူ အသုံးဝင်နိုင်မယ့်နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ရာဘာလက်အိတ်နဲ့ဖွင့်ပါ။
သာမန်ဆိုရင်တော့ လက်နှီးဝတ် (သို့) အဝတ်စတစ်ခုခုနဲ့အုပ်ပြီးလှည့်ဖွင့်လို့အဆင်ပြေပါတယ်။ ဒါပေမယ့် တခါတလေ အရမ်းကြပ်နေတဲ့အခါမျိုးကျတော့ ရာဘာလက်အိတ် (သို့) ရာဘာအစနဲ့လှည့်ဖွင့်တာ ကပိုပြီးလွယ်တဲ့အပြင် လက်လည်းသိပ်မနာစေပါဘူး။
၂။ရေနွေးပူစိမ်ပါ။
ရေနွေးကိုပူအောင်တည်ပါ။ ပွက်ပွက်ဆူတဲ့အထိတည်စရာမလို။ ပူလာတဲ့အနေအထားရောက်ရင် ဇလုံတစ်ခုထဲထည့်ပါ။ အဖုံးကြပ်နေတဲ့ပုလင်းကို ဇောက်ထိုးအနေအထားနဲ့ ရေနွေးဇလုံထဲ ဖန်ပုလင်းအဖုံးမြှုပ်တဲ့အထိသာစိမ်ပါ။ တစ်မိနစ် နှစ်မိနစ်လောက်စိမ်ပြီးရင်တော့ အဝတ်တစ်ခုနဲ့သုတ်ပြီး လှည့်ဖွင့်လို့ရပါပြီ။
၃။တိုက်ရိုက်အပူပေးပါ။
ဒီနည်းကတော့ သတ္တုအဖုံးနဲ့ပုလင်းတွေမှာသာအလုပ်ဖြစ်ပါတယ်။ ပလတ်စတစ်အဖုံးတွေဆိုရင်လောင်သွားမှာမို့ သတိပြုဖို့လိုပါတယ်။ Hair Dryer ဖြစ်ဖြစ် မီးခြစ်ဖြစ်ဖြစ် ပုလင်းအဖုံးကို နည်းနည်းအပူပေးပြီးဖွင့်လို့ရပါတယ်။ ဒါမှသာ အဖုံးကိုကြပ်စေတဲ့ ကော်ဖီမှုန့်၊ ယို စတာတွေကိုအရည်ပျော်စေပြီး ပုလင်းကို လွယ်လွယ်ကူကူဖွင့်နိုင်မှာပါ။ လက်မပူစေဖို့တော့ သတိထားပါ။
၄။ပုလင်းဖင်ကို လက်နဲ့ရိုက်ပြီးဖွင့်ပါ။
ပုလင်းကို ၄၅ဒီဂရီလောက် အောက်စိုက်ပြီး လက်ဖဝါးနဲ့ ပုလင်းဖင်ကို ခပ်ပြင်းပြင်းရိုက်ပေးပါ။ တအားရိုက်မိရင်တော့ ပုလင်းကွဲတာ၊ လက်နာတာဖြစ်မှာမို့ သတိထားပါ။ ပုလင်းလေခိုနေတာမို့ “ပေါက်” လို့အသံကြားရင်တော့ ပုလင်းအဖုံးကို လက်နဲ့လှည့်ဖွင့်လို့ရပါပြီ။