သံပုယိုသီး၊ သံပုရာသီးတို့ကို အရည်ညှစ်ပြီးတာနဲ့တပြိုင်နက် ချက်ချင်းလွှင့်ပစ်တတ်ကြပါတယ်။ တကယ်လို့ စာဖတ်သူအနေနဲ့ မိမိအိမ်တွင်းပတ်ဝန်းကျင်အတွက် အကုန်အကျသက်သာပြီး ရနံ့သင်းပျံ့နေတဲ့ ပတ်ဝန်းကျင်လေး ဖန်တီးချင်တယ် ပိုးကောင်မွှားကောင်တွေ ဖယ်ရှားချင်တယ်ဆိုရင်တော့ သံပုယိုခွံများကို အလွယ်တကူ လွှင့်ပစ်ခြင်းမှ ရပ်တန့်ပစ်ရပါမယ်။

သံပုယိုခွံတစ်ခုတည်း အသုံးဝင်တာမဟုတ်ပါဘူး။ သံပုရာခွံ၊ ရှောက်သီးအခွံစတဲ့ မျိုးနွယ်တူအခွံများကိုလည်း အသုံးပြုနိုင်ပါတယ်။ အကျိုးအာနိသင်ကတော့ အတူတူပါပဲ။

ဒါဆိုရင် သံပုယိုခွံ၊ လိမ္မော်ခွံနဲ့ ရှောက်သီးမျိုးနွယ်ဝင်အခွံများကို မိမိအိမ်ပတ်ဝန်းကျင်လေး သန့်ရှင်းသပ်ရပ်နေအောင် ဘယ်လို အသုံးပြုနိုင်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်လား။

သဘာဝဆပ်ပြာရည်အဖြစ် အသုံးပြုနိုင်ခြင်း

Source: pikist.com

သံပုယိုသီးများကို အရည်ညှစ်ပြီးတာနဲ့ အခွံကို ပုလင်းအလွတ်တစ်လုံးထဲထည့်ထားပါ။ ထို့နောက် ထိုပုလင်းထဲသို့ ရှာလကာရည်များထည့်ကာ အဖုံးလုံအောင်ပိတ်ထားညပီး ရက်သတ္တပတ် ၂ ပတ်တိတိ စိမ်ထားလိုက်ပါ။ ၂ ပတ်တိတိ စိမ်ထားပြီးတဲ့အခါမှာတော့ စပရေးဘူးထဲ ပြောင်းထည့်ကာ ရာနှုန်းပြည့် သဘာဝ သန့်စင်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။

သဘာဝအမွှေးနံ့သာအဖြစ် အသုံးပြုကြမယ်

Source: Shinymodern.com

သံပုရာသီးရနံ့၊ လိမ္မော်ရနံ့တို့ကို မကြိုက်နှစ်သက်သူ မရှိပါဘူး။ ထိုရနံ့များက စိတ်ကို ကြည်လင်ရွှင်လန်းစေပြီး သန့်ရှင်းတဲ့ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ပါတယ်။ သင့်ရဲ့အိမ်ကို ရနံ့သင်းသင်းလေးဖြစ်အောင် ဖန်တီးချင်တယ်ဆိုရင် အသုံးပြုပြီးသား သံပုယိုခွံ၊ သံပုရာခွံများကို အိုးတစ်လုံးထဲ ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီးနောက် သစ်ကြမ်းပိုးခေါက် (သို့) ဆေးဖက်ဝင် အမွှေးအကြိုင်အရွက်များထည့်ကာ အတူတူစိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်အိမ်လေးက နေချင်စဖွယ် သင်းပျံ့နေမှာပဲဖြစ်ပါတယ်။

အမှိုက်ပုံးထဲမှာ ကပ်ငြိခိုအောင်းနေတဲ့ အနံ့အသက်ဆိုးများကိုဖယ်ရှားနိုင်ခြင်း

Source: Insinkerator.com

အမှိုက်ပုံးထဲက ထွက်ရှိတဲ့ အောက်သိုးသိုးအနံ့ကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ အသုံးပြုပြီးသား သံပုယိုခွံ၊ သံပုရာခွံများကို အမှိုက်ပုံးထဲသာ ပစ်ထည့်ထားလိုက်ပါ။ သံပုရာခွံများက အကောင်းတဲ့အနံ့အသက်ဆိုးများကို စုပ်ယူပစ်နိုင်တဲ့အတွက်ကြောင့် သင့်အမှိုက်ပုံးက သန့်ရှင်းနေတဲ့အငွေ့အသက်လေးများ ခံစားရရှိနိုင်ပါတယ်။

အိမ်မှာမွေးထားတဲ့ ချစ်စဖွယ်ကြောင်လေးတွေက အိမ်တွင်းအပင်များကို ဖျက်ဆီးနေလို့ စိတ်ညစ်နေပါသလား

Source: Spiritofchange.org

စာဖတ်သူက ကြောင်လေးတွေကိုလည်း ချစ်တယ် အိမ်တွင်းအပင်ငယ်များကို စိုက်ပျိုးရတာလည်း ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ဒီနည်းလမ်းလေးက အသုံးတည့်ပါလိမ့်မယ်။ သင့်ရဲ့ပန်းအိုးထဲမှာ သံပုယိုခွံလေး ပုံထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်ကြောင်က ပန်းအိုးတွေ အပင်ငယ်လေးတွေကို မတော်တဆလုပ်ခွဲမိတော့မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြောင်လေးတွေက သံပုယိုခွံရဲ့ရနံ့ကို မခံနိုင်ကြလို့ပါပဲ။

ဒါဆိုရင် သံပုယိုခွံက ကြောင်လေးတွေအတွက် အန္တရာယ်ရှိတာပေါ့လို့ မအောက်မေ့လိုက်ပါနဲ့။ သံပုယိုခွံက ကြောင်လေးတွေအတွက် (လုံးဝ) ဘေးကင်းပါတယ်။ ထိုနည်းလမ်းကို စိတ်ချလက်ချအသုံးပြုပြီး အိမ်တွင်းအပင်ငယ်များကို ကြောင်ရန်မှ ကာကွယ်နိုင်ပါတယ်။

အလွယ်တကူ မီးမွှေးနိုင်အောင်၊ မီးစွဲအောင် ကူညီပေးခြင်း

Source: Cnet.com

ခရီးထွက်တဲ့အခါ မီးပုံလေး လှုံ့ချင်တယ်၊ အကင်မီးဖိုလေး မွှေးချင်တယ်ဆိုရင်တော့ နေလှန်းပြီးသား သံပုယိုခွံအခြောက်ကို ယူသွားနိုင်ပါတယ်။ နေလှန်းအခြောက်ခံဖို့အချိန်မရှိတော့ဘူးဆိုရင်တော့ သံပုယိုခွံကို Oven ထဲထည့်ကာ ရွှေညိုရောင်ပြောင်းပြီး မာကြွပ်သွားသည်အထိ အပူပေးနိုင်ပါတယ်။

ရရှိလာတဲ့ သံပုယိုခွံအခြောက်နဲ့ မီးမွှေးမယ်ဆိုရင်တော့ အချိန်ကုန်သက်သာပြီး လူလည်း မပင်ပန်းစေဘဲနဲ့ အလွယ်တကူမီးမွှေးနိုင်ပြီပေါ့။

Source: Tasteofhome.com