တန်ဆောင်မုန်းလ ဝင်သည်နှင့် ဆောင်းဦးပေါက် ရာသီသို့ ရောက်ပြီ ဖြစ်သည်။ နှာရည်ယိုရွှဲ တပို့တွဲလ ရောက်သည့် တိုင်အောင် ဆောင်းဥတု လေးလကို ဖြတ်သန်းကြ ရတော့မည် ဖြစ်သည်။ အေးသဖြင့် ချမ်းသဖြင့် နွေးနွေးထွေးထွေး ဝတ်စားဆင်ယင် ရမည့် ရာသီဥတု ဖြစ်သည်။

မြန်မာ့ဆေး ပညာအရ ဆောင်းဥတုတွင် ပြင်ပ ဗဟိဒ္ဓမှာ အေးနေသော်လည်း အတွင်း အဇ္ဈတ္တ မှာ ပူနေသည်ဟု ဆိုသည်။ အပူ အခိုးအငွေ့ တို့သည် ချွေးအဖြစ် ပြင်ပသို့ ထွက်မရသဖြင့် ကိုယ်တွင်း၊ ဝမ်းတွင်း၊ အူတွင်း တို့တွင် ပိတ်လှောင်မိ နေသည်။ ထို့ထက်ပို၍ ဆိုရလျှင် အပူ အကျဉ်းကျ နေသည်ဟု ဆိုရမည့် ရာသီ ဖြစ်သည်။

အပူကို အအေးနှင့်ဖြေ၊ အအေးကိုအပူ နှင့်ဖြေ ဆိုသည်မှာ ခန္ဓာကိုယ် ပြင်ပတွင် မှန်ကန် သော်လည်း အတွင်းတွင် မမှန်ကန်ပေ။ အပူကို အပူနှင့် ချေမှသာ ကြေသည့် အခါရှိသည်။ ”ဓာတ်တူနံတူ ဆေးဘက်ယူ ဓာတ်တူသတ် က အသေရ” ဆိုသည့် စာဆိုရှိသည်။

ဥပမာအားဖြင့် ကိုယ်တွင်း ပူသဖြင့် ဆောင်းတွင် အအေး၊ ရေခဲရေ သောက်၍မရ။ အထက်သို့ အပူပြန်ကန်ပြီး လည်ချောင်းနာ တတ်သည်။ အခန့် မသင့်လျှင် ရေခဲရေ တစ်ကြိမ်သောက် ရုံဖြင့် အာသီးရောင် နိုင်သည်။ အတွင်းပူ သော်လည်း ရေနွေးကြမ်း ပူပူလေး သောက်မှသာ အတွင်းမှ အပူကြေပြီး ရေငတ်လည်း ပြေနိုင်သည်။

ဆောင်းဦးပေါက် ဓာတ်စာအချို့မှာ

၁။ ကြက်သားနှင့် ရှောက်သီးသုပ်

ကြက်သားမှာ ပူ၍ချိုသော အစာဖြစ်သည်။ ရှောက်သီးမှာ အေး၍ ချဉ်သောအစာ ဖြစ်သည်။ လူကြီးများ အတွက် ကြက်သား အကောင်ငယ် ၄၅ ကျပ်သားအောက် အကောင်၏ အသားကို ချင်း၊ ကြက်သွန်ဖြူ ဖြင့် နူးအောင် ပြုတ်ပြီးနောက် အသားကိုမွပြီး ရှောက်သီးအမြွှာ များဖြင့် ရောသုပ်ပါ။ သင့်တင့်သော ဟင်းခတ် အမွှေးအကြိုင်များ ထည့်နိုင် ပါသည်။

၂။ ငါးကြင်းနှင့် မန်ကျည်းမှည့်ချက်

ငါးကြင်းဖြူ လတ်လတ်ကို အသင့်အတင့် ခုတ်ပိုင်း ပြီးနောက် ပဲဆီ (သို့မဟုတ်) နှမ်းဆီဖြင့် ကြော်ပါ။ အနည်းငယ် ကြွပ်အောင် ကြော်ပါ။ ဆီစစ် ထားပြီးနောက် မန်ကျည်းမှည့် အနှစ်ရည်ကို ကြက်သွန်ဖြူ၊နီ ဆီသတ်ပြီး နောက်မှ ထည့်ကာ ဟင်း ပြန်ချက်ပါ။ အချို့က မန်ကျည်းသီး စိမ်း အူပေါက်ဖြင့် လည်း ချက်စားလေ့ ရှိသည်။ မန်ကျည်းမှည့် ရည်သည် ဝမ်းတွင်းမှ အပူငြိမ်းပြီး ဝမ်းမှန်စေသည့် ဓာတ်စာ ဖြစ်သည်။

၃။ ဒန့်သလွန်သီးချဉ်ရည်ဟင်း

ဒန့်သလွန်သီး တောင့်ကို အနေတော် ပိုင်းဖြတ်၍ အာလူး၊ ခရမ်းသီး၊ ကုလားပဲ အနည်းငယ် တို့နှင့်ရောပြီး မန်ကျည်းမှည့် အရည်ထည့် ကာ ချဉ်ရည်ဟင်း ချက်စား နိုင်သည်။ ချက်ပြီးကျက်မှ မဆလာ အုပ်လျှင် ကုလားဟင်း ဟုလည်း ခေါ်ကြသည်။ ခံတွင်းပျက်သော အခါ ခံတွင်း ကောင်းစေရန် မဆလာ ထည့်ချက် ခြင်းဖြင့် အခိုး အာကာသ ပွင့်သော ဓာတ်စာ ဖြစ်သွားသည်။

၄။ မျှစ်နှင့်ချဉ်ပေါင်ကြော်

သေချာစွာ ကြော်ထားလျှင် ရက်ရှည် အထားခံသော ဓာတ်စာမျိုး ဖြစ်သည်။ မျှစ်သည် အမျှင် များသဖြင့် ဝမ်းမှန် စေသည်။ ချဉ်ပေါင်ရိုး နီရွက်နီ ရလျှင် ပို၍ ကောင်းသည်။ ချဉ်ပေါင်ကြော် သည် ခံတွင်းရှင်း စေပြီး ဝမ်းတွင်းမှ လေပူကို အောက်သို့ သက်စေသော ဓာတ်စာ ဖြစ်သည်။ လေသက်ခြင်း ဖြင့်လည်း ဆောင်းတွင် ဝမ်းထဲမှ အပူကို ထုတ်ပစ် နိုင်သည်။

Credit: ကြည်မြင့်လွင် (မုဒြာ) & မြဝတီ