Hilton အသက်မွေးဝမ်းကြောင်းပညာ သင်တန်းကျောင်းမှ သင်တန်းဆင်းကျောင်းသူတစ်ဦးဖြစ်သည့် မသဲသဲဇော်သည် ဇူလိုင်လတွင် ကျင်းပသော Myanmar Culinary Arts Competition တွင် အချိုပွဲပြင်ဆင်သည့်အပိုင်း၌ ရွှေတံဆိပ်ဆုကို ဆွတ်ခူးပြီး သူမ၏ စိတ်ကူးအိပ်မက်များ လက်တွေ့ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ယခုအခါတွင်လည်း သူမဟာဆိုရင် Hilton South East Asia F&B Masters ပြိုင်ပွဲတွင် နောက်ထပ်ဆုတံဆိပ်များကို ထပ်မံဆွတ်ခူးနိုင်ရန် ရည်မှန်းလျက်ရှိပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမြို့မှ မြို့ခံတစ်ဦးဖြစ်တဲ့ မသဲသဲဇော်သည် ၂၀၁၅ ခုနှစ်တွင် Hilton အသက်မွေးဝမ်းကြောင်း ပညာသင်တန်းကျောင်း၏ ပထမဆုံးအပတ်စဉ် ကျောင်းသားကျောင်းသူများထဲမှတစ်ဦးအဖြစ် Hilton သို့ စတင်ဝင်ရောက်ခဲ့ပါတယ်။ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ပြီးနောက်ပိုင်းမှာ မသဲသဲဇော်ဟာဆိုရင် ပြောမပြနိုင်တဲ့ ပျော်ရွှင်မှုကို ခံစားခဲ့ရပြီး သူမ၏ဘဝကို ပြောင်းလဲပုံဖော်ရာ၌ အလွန်အရေးပါသည့်အပိုင်းမှ ပါဝင်ခဲ့သော သူမ၏ ဆရာများနှင့် Hilton အပေါ်တွင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကာ “အခုလို ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်တာ ကျွန်မအရမ်းကို ဝမ်းသာဂုဏ်ယူမိပါ တယ်။ ကျွန်မရဲ့မိသားစုနဲ့ Hilton ကို ကျွန်မအတွက် ဂုဏ်ယူနိုင်အောင် ဆက်လက်ကြိုးစားသွားမှာပါ” ဟု ဖွင့်ဟပြောဆိုခဲ့ပါတယ်။

သင်တန်းကာလပြီးဆုံးပြီးနောက်ပိုင်းမှာ မသဲသဲဇော်သည် Hilton နေပြည်တော်၏ စားသောက်ဖွယ်ရာမီနူးထဲသို့ အချိုပွဲအမည်သစ်များကို ဖြည့်စွက်ထည့်သွင်းနိုင်ခဲ့ပါတယ်။ သူမ၏ ဖန်တီးမှုလက်ရာများဖြစ်သော ဒေသထွက်ကုန်အမည်များနှင့် ချက်ပြုတ်စီမံထားသည့်လက်ရာများကို ဧည့်သည်များမှ အထူးကြိုက်နှစ်သက်ခဲ့ကြသည့်အတွက်ကြောင့် 2018 Myanmar Culinary Competition ပြိုင်ပွဲသို့ဝင်ပြိုင်ရန် သူမ၏နာမည်ကို Hilton ဟိုတယ်က စာရင်းပေးသွင်းခဲ့ပါတယ်။ ပြိုင်ပွဲဟာဆိုရင် ယခုနှစ်တွင် ၅ ကြိမ်မြောက်ကျင်းပခြင်းဖြစ်သလို ရန်ကုန်တွင် ကျင်းပကာ မြန်မာနိုင်ငံအနှံ့မှ စားဖိုမှူးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲအတွက် နေ့စဉ်လေ့ကျင့်မှုများပြုလုပ်ပြီး သူမအား Hilton ဝန်ထမ်းများမှ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။ သူမ၏ ဆရာဖြစ်သော Hilton နေပြည်တော်၏ Executive Pastry Chef တစ်ဦးဖြစ်သူ Rizwan Fazuldeen မှ “သူ့ရဲ့ ယုံကြည်မှုတွေက တဖြည်းဖြည်းအားကောင်းလာတာကို ကျွန်တော်သတိထားမိတယ်။ သူ့ရဲ့တိုးတက်မှုအတွက် ကျွန်တော် အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟုဆိုကာ သူ့ရဲ့ ရင်တွင်းပီတိစကားသံများကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Hilton ဟိုတယ်၏ အော်ဂဲနစ်ဥယျာဉ်ထဲမှရရှိသော ပျားဝတ်မှုန်များနှင့်ပြုလုပ်သော သူမ၏ ဖန်တီးမှုလက်ရာတစ်ခုဖြစ် သည့် Honey Pollen and Milk Chocolate Mousse ကို ဒိုင်လူကြီးမင်းများမှ အထူးကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူမ၏ ဒုတိယလက်ရာဖြစ်သော Myanmar Moon Tea Mousse with Black Sticky Rice သည်လည်း ဒေသထွက်ကုန် ၂ ခုကို အချိုးညီညီ ပေါင်းစပ်ဖန်တီးထားသည့်လက်ရာဖြစ်သည့်အတွက် ဒိုင်များမှ လက်မှမချနိုင်အောင် ဖြစ်ခဲ့ရတာကို တွေ့ရပါတယ်။

Hilton အသက်မွေးဝမ်းကြောင်းပညာသင်တန်းကျောင်းမှ လက်ရှိသင်တန်းသူတစ်ဦးဖြစ်သော မသစ်သစ်လင်းမှလည်း သူမ၏ လိမ္မောသီးဆော့စ်နှင့်ဆာမွန်ငါးကင် လက်ရာအတွက် ကြေးတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပြီး Hilton မန္တလေးမှ စားဖိုမှူး ကိုစန်းမျိုးမှလည်း သူ၏အထူးလက်ရာဖြင့် ကြေးတံဆိပ်ဆုတို့ကို အသီးသီးဆွတ်ခူးခဲ့ပါတယ်။